ဒုံးကျည်စမ်းသပ်မှုအပေါ် ကုလသမဂ္ဂ၏ ရှုတ်ချချက်အား မြောက်ကိုရီးယား ပယ်ချ

မြောက်ကိုရီးယားနိုင်ငံက ပြီးခဲ့သည့် မေ ၁၄ ရက်က ၎င်း၏ နောက်ဆုံး တာလတ်ပစ်ဒုံးကျည်စမ်းသပ်မှုအပေါ် ကုလသမဂ္ဂက ပြစ်တင်ရှုတ်ချထားခြင်းအား ပြတ်သားစွာ ပယ်ချလိုက်သည်။

ကုလသမဂ္ဂသည် မေ ၁၅ ရက်၌ ဒုံးကျည်စမ်းသပ်မှုကြောင့် တံခါးပိတ်မြောက်ကိုရီးယားနိုင်ငံကို ပြစ်တင် ရှုတ်ချကြောင်း ထုတ်ပြန်လိုက်ကာ နောက်ထပ်ဒဏ်ပိတ်ဆို့မှုများ တင်းကျပ်ချမှတ်မည်ဟု သတိပေးခဲ့ခြင်း ဖြစ်သည်။

ကိုယ်ပိုင်ကာကွယ်ရေးအတွက် နျူကလီးယားအဟန့်အတား မြှင့်တင်ခြင်းအပေါ် ပြစ်တင်ရှုတ်ချသည်ဆိုကာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ယင်းထုတ်ပြန်ချက်ကို မြောက်ကိုရီးယားက ပြတ်သားစွာ လုံးလုံးပယ်ချ ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ Hwasong 12 ဒုံးကျည်စမ်းသပ်အောင်မြင်ခြင်းသည် ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အာမခံလေမည်ဟု မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန   ပြောခွင့်ရသူကဆိုကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ကိုးကားဖော်ပြသည်။

အမေရိကန်နိုင်ငံသည်လည်း မကြာသေးမီက တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့သော်လည်း လုံခြုံရေးကောင်စီက ပြစ်တင်ရှုတ်ချရန် ပျက်ကွက်ခဲ့သည်ဟုလည်း ယင်းပြောဆိုခွင့်ရသူက ပြောခဲ့သည်။

တောင်ကိုရီးယားနိုင်ငံတွင် ရွေးကောက်ပွဲဖြင့် သမ္မတသစ် မွန်းဂျေအင်း တက်လာပြီး ရက်ပိုင်းအတွင်း မြောက်ကိုရီးယား က ယခုဒုံးကျည်ပစ်လွှတ်မှုကို စမ်းသပ်ခဲ့ခြင်းလည်း ဖြစ်သည်။

-Ref; AFP