EU ၏ လေထုသန့်စင်ရေး မူဝါဒအသစ် ချမှတ်၊ လူနှစ်သောင်း၏ အသက်ကို ကယ်နိုင်မည်ဟု ထောက်ခံသူများ ချီးကျူး

ဥရောပသမဂ္ဂသည် လေထုညစ်ညမ်းခြင်းကို ကန့်သတ်မှုအသစ်များပါဝင်သည့် မူဝါဒကို သဘော တူညီလိုက်ပြီ ဖြစ်ကာ အကောင်အထည်ဖော်ပြီးပါက လူပေါင်းနှစ်သောင်းကျော်၏ အသက်ကို ကယ်တင်နိုင်လိမ့်မည်ဟု သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ မီဒီယာများက ချီးကျူးရေးသားလျက် ရှိကြသည်။

ကျောက်မီးသွေး စွမ်းအင်သုံး ဓာတ်အားပေးရုံများမှလာသော လေထုညစ်ညမ်းမှုများကြောင့် လူသားများ အသက်အန္တရာယ် ထိခိုက်နေရခြင်းဖြစ်သည်ဟု အဖွဲ့အစည်းများက ထောက်ပြထားသည်။

ဥရောပသမဂ္ဂမှ ထွက်ခွာမည့် ဗြိတိန်ကလည်း အဆိပ်သင့် ဓာတ်ငွေ့များ ထုတ်လွှတ်နေသည့် စက်ရုံကြီးများကို ကန့်သတ်ရန် မူဝါဒမူကြမ်းကို ထောက်ခံခဲ့သည့် EU နိုင်ငံများတွင် ပါဝင်သည်။

အသစ် ချမှတ်လိုက်သော စက်ရုံများ လိုက်နာရမည့် မူဝါဒ စည်းကမ်းများကို အဆိုပါမူဝါဒကို ကန့်ကွက်ခဲ့သည့် ဂျာမနီကဲ့သို့ နိုင်ငံများ အပါအဝင် EU ဒေသအတွင်း နိုင်ငံတိုင်း၏ ကျောက်မီးသွေး စွမ်းအင်သုံး စက်ရုံတိုင်း တွင် လိုက်နာရမည်ဖြစ်သည်။

တက်ကြွလှုပ်ရှားသူပေါင်း တစ်သိန်း နှစ်သောင်းငါးထောင်တို့က စုပေါင်းကာ ဥရောပတစ်တိုက်လုံး လေထု ညစ်ညမ်းမှု လျှော့ချရေး လှုပ်ရှားမှုများ ပြုလုပ်လျက် ရှိသည်။

စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုမှုများကို ဘရပ်ဆဲလ်မြို့သို့ ပေးပို့ထားပြီး ယခုအခါ လေထုညစ်ညမ်းမှု ထိန်းကွပ်ရေးဆိုင်ရာ မူဝါဒသစ် ထွက်လာပြီး တက်ကြွလှုပ်ရှားသူများက ကြိုဆိုခဲ့ကြသည်။

မူဝါဒအသစ်ကို ၂၀၂၁ ခုနှစ်တွင် စတင်ပြီး အကောင်အထည်ဖော် အသက်ဝင်စေမည်ဖြစ်သည်။

ဥရောပ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဗြူရိုက အဆိုပါမူဝါဒကို ထုတ်ပြန်နိုင်ရေးအတွက် ၆ နှစ်ကြာ ညှိနှိုင်းခဲ့ ကြရသည်။

လေထု ညစ်ညမ်းမှုကြောင့် နှစ်စဉ် ကျန်းမာရေးစရိတ် ယူရိုငွေ ၁၅၀ ဘီလီယံ အပိုကုန်ကာ စောစီးစွာ မီးဖွားမှု အကြိမ် ငါးသောင်း ငါးထောင် ဖြစ်ခဲ့ရသည်ဟု ဥရောပ သဘာဝ ပတ်ဝန်းကျင် ဗြူရိုက ပြောကြားထားသည်။

# The Voice