အမေရိကန်အခြေစိုက် Intelsat မှ လွှင့်တင်မည့် ဂြိုဟ်တုတွင် မြန်မာ ဝင်ရောက်ရင်းနှီးမြှုပ်နှံမည်
အမေရိကန်အခြေစိုက် Intelsat ကုမ္ပဏီက အသစ်လွှင့်တင်မည့်ဂြိုဟ်တု၌ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်မည်ဟု သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ စုံစမ်းသိရသည်။
‘‘သူတို့လွှင့်တင်မယ့်ဂြိုဟ်တုမှာ ရင်းနှီးမြှုပ်နှံမှုထည့်ပြီးတော့ မြန်မာအမည်နဲ့ ကိုယ်ပိုင်လွှင့်တင်နိုင်ဖို့ပါ။ ရင်းနှီး မြှုပ်နှံမယ့်ပမာဏကတော့ ဆွေးနွေးဆဲပဲ။ သက်တမ်းအနေနဲ့ကတော့ အကန့် အသတ်မရှိတော့ဘူး။ ဂြိုဟ်တု သက်တမ်းကုန်တဲ့အထိပဲ’’ ဟု ဂြိုဟ်တုဆက်သွယ်ရေးအင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ပြောသည်။
Intelsat ကုမ္ပဏီနှင့် မြန်မာနိုင်ငံအကြား ဆွေးနွေးမှုအရ ၂၀၁၉ ဇွန်လ၌ လွှင့်တင်မည့် ဂြိုဟ်တု၌ မြန်မာ နိုင်ငံသည် Tranx sponder အနေဖြင့် C-Band ၁၂ ခုနှင့် KU-Band ၁၂ ခု ပိုင်ဆိုင် မည်ဖြစ်သည်။ ‘‘ဝန်ကြီး ဌာနတွေ၊ ကုမ္ပဏီတွေအနေနဲ့ ဂြိုဟ်တုကို ဈေးပေါပေါနဲ့ သုံးလာနိုင်တော့မှာပါ’’ ဟု ဦးဝင်းအောင်က ပြောသည်။
မြန်မာအမည်ဖြင့် အသစ်လွှင့်တင်မည့် ကိုယ်ပိုင်ဂြိုဟ်တု၏ ဆက်သွယ်ရေးစနစ်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးက အများပြည်သူသို့ ပြန်လည်ရောင်းချရန် စီစဉ်ထားပြီး ဂြိုဟ်တုလွှင့်တင်ရာ၌ ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ရေးနှင့် ပြန်လည်ရောင်းချနိုင်ရေး မြန်မာနိုင်ငံပိုင် ဂြိုဟ်တုတည်ထောင်ရေး လုပ်ငန်းကော်မတီကို ဇန်နဝါရီအတွင်း ဖွဲ့စည်းခဲ့သည်။
လက်ရှိ၌ မြန်မာနိုင်ငံသည် ကိုယ်ပိုင်ဂြိုဟ်တုမရှိသေး၍ Intelsat ၏ လွှင့်တင်ပြီးသား ဂြိုဟ်တုမှ KU Transponder သုံးခုနှင့် C Tran-sponder ခုနစ်ခုတို့ကို ၂၀၁၆ မေလက ငါးနှစ်သက်တမ်းဖြင့် ငှားရမ်း အသုံးပြုခဲ့သည်။
မြန်မာအစိုးရသည် ငှားရမ်းထားသည့် ဂြိုဟ်တုဆက်သွယ်ရေးကို ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများကို 1MHz ပမာဏကို ငါးနှစ်စာချုပ်ဖြင့် အသုံးပြုပါက တစ်လလျှင် ဒေါ်လာ ၁,၂၀၀၊ သုံးနှစ် စာချုပ်ဖြင့် အသုံးပြုပါက ဒေါ်လာ ၁,၃၀၀၊ တစ်နှစ်စာချုပ်ဖြင့် အသုံးပြုလိုပါက ဒေါ်လာ ၁,၅၀၀ ဖြင့် ပြန်လည် ငှားရမ်းခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ဂြိုဟ်တုနှင့်ပတ်သက်၍ VinaSat (ဗီယက်နမ်)၊ AsiaSat (ဟောင်ကောင်)၊ Intelsat (အမေရိကန်) နှင့် Thai- com (ထိုင်း) တို့မှ ရယူအသုံးပြုနေခဲ့သော်လည်း Intelsat က ဂြိုဟ်တု ဆက်သွယ် ရေးငှားရမ်းခဲ့သည့်နောက်ပိုင်း အဆိုပါဂြိုဟ်တု တစ်ခုတည်း ပြောင်းလဲအသုံးပြု လာခဲ့သည်။
# 7 Day