အိန္ဒိယရှိ ကက်ရှ်မီးယားဒေသ၌ ဘဏ်ကားတစ်စီး စီးနင်း တိုက်ခိုက်ခံရမှုကြောင့် ၇ဦးသေဆုံး

အိန္ဒိယနိုင်ငံအုပ်ချုပ်မှုအောက်ရှိ ကက်ရှ်မီးယားဒေသဘက်ခြမ်းတွင် ငွေများသယ်ဆောင်လာသော ဘဏ်ကား တစ်စီးကို ပြီးခဲ့သောတနင်္လာနေ့၌ စစ်သွေးကြွများဟု သံသယရှိရသူများက စီးနင်းတိုက်ခိုက်မှု ကြောင့် ရဲငါးဦး အပါအ၀င် စုစုပေါင်း ၇ဦးခန့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။

“ဘဏ်ကားထဲမှာရှိတဲ့ ရဲငါးဦးနှင့် ဘဏ်ဝန်ထမ်း ၂ဦးစလုံး အသတ်ခံခဲ့ရပါတယ်” ဟု ရဲတပ်ဖွဲ့မှ ညွှန်ကြားရေး မှူးချုပ်ဖြစ်သူ အက်စ်ပီဗိတ်ဒ်က ပြောခဲ့သည်။

အဆိုပါဘဏ်ကားသည် ကယ်လ်ဂမ်အရပ်ဒေသ ပမ်ဘာရွာရှိဘဏ်သို့ ပြန်လာခဲ့စဉ်တွင် ယခုလိုပစ်ခတ်ခံခဲ့ ရခြင်းဖြစ်ကြောင်း ဗိတ်ဒ်က ဆက်ပြောခဲ့သည်။

အမည်မဖော်လိုသော ရဲအရာရှိတစ်ဦးကလည်း တိုက်ခိုက်သူများသည် ငွေများနှင့် လက်နက်များကို ယူဆောင် ထွက်ပြေးသွားခဲ့ကြောင်း ပြောခဲ့သည်။

အိန္ဒိယနိုင်ငံ၏ အုပ်ချုပ်မှုကို ဆယ်စုနှစ်များစွာကြာ ဆန့်ကျင်နေသော လက်နက်ကိုင်တပ်ဖွဲ့များရှိသည့် ကက်ရှ်မီးယားတောင်ကြား၌ စစ်သွေးကြွများဟု သံသယရှိရသူများသည် မကြာသေးခင်လများအတွင်းက ဘဏ်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြသည်။

ဗြိတိန်ထံမှ ၁၉၄၇ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ပြီးနောက်ပိုင်း၌ ကက်ရှ်မီးယားဒေသကို နှစ်ခြမ်းခွဲကာ ပါကစ္စတန် နှင့် အိန္ဒိယနိုင်ငံတို့မှ အုပ်ချုပ်ခဲ့ပြီး နှစ်ဖက်စလုံးမှ အဆိုပါနယ်မြေကို ၄င်းတို့အလုံးစုံ ပိုင်ဆိုင်ကြောင်း ငြင်းခုံလျက် ရှိကြသည်။

Ref; AFP