ရှမ်းလက်နက်ကိုင်အဖွဲ့နှင့် ရှမ်းပါတီများ CSSU အစည်းအဝေး ချင်းမိုင်တွင် ကျင်းပမည်

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ရှမ်းနိုင်ငံရေးပါတီများနှင့် ရှမ်းလူမှုအဖွဲ့အစည်းများ ညီညွတ်ရေး ဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် ရှမ်းပြည် ညီညွတ်ရေးကော်မတီ (CSSU) နှစ်ပတ်လည် အစည်းအဝေးကို မေလ ၄ ရက်ကစတင်၍ ထိုင်းနိုင်ငံ ချင်းမိုင်တွင် ကျင်းပမည်ဖြစ်ကြောင်း CSSU အတွင်းရေးမှူး အဖွဲ့ဝင် ဦးစိုင်းလိတ်က ပြောကြားသည်။

CSSU ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ၁၉၉၆ တွင် ဖွဲ့စည်းခဲ့သည့် ရှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SS-JAC) အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ စိန်ကျော့ပြည်သူ့စစ်အဖွဲ့၊ ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီ စသည်တို့ဖြင့် ဖွဲ့စည်းထားပြီး လက်ရှိ CSSU ဥက္ကဋ္ဌသည် SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ဖြစ်သည်။

‘‘CSSU က ၄ ရက်နေ့နဲ့ ၅ ရက်နေ့မှာ နှစ်ပတ်လည်အစည်း အဝေးရှိမယ်။ ထိုင်းနိုင်ငံ ချင်းမိုင် မှာလုပ်မယ်။ လုပ်ငန်းစဉ်တွေအ နေနဲ့ကတော့ တစ်နှစ်တာ ဆောင်ရွက်ခဲ့သမျှကို ပြန်လည်သုံးသပ် မယ်။ ပြီးရင် NCA လက်မှတ်ထိုးထားတဲ့ RCSS နဲ့ လက်မှတ်မထိုးရသေးတဲ့ SSPP ပေါ့နော်။ အဲဒီနှစ်ဖွဲ့အကြား   ဘယ်လို ဆက်စပ်ညှိနှိုင်းပြီးတော့ ၂၁ ရာစု ပင်လုံကို အတူတက်နိုင်ကြမလဲ။ ဆွေးနွေးတဲ့အခါကျရင် တစ်သံတည်း ထွက်နိုင်ဖို့အတွက် ဘယ်လိုနည်းလမ်းရှာကြမလဲ အဲဒါတွေ ဆွေးနွေးဖို့ရှိတယ်’’ဟု ဦးစိုင်းလိတ်က ဆိုသည်။

ထို့အပြင် ကျင်းပနိုင်ခြင်းမရှိ သေးသည့် လူမျိုးအလိုက် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ နိုင်ရေးလည်း ဆွေးနွေးမည်ဖြစ်ကြောင်း SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ဦးစိုင်းလိတ် ကပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)အရ NCA ထိုးထားသည့် RCSS အနေဖြင့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ဦးဆောင်ကျင်းပခွင့် ရှိသော်လည်း ကျင်းပမည့်နေရာ ညှိနှိုင်းမှု အဆင်မပြေသေး၍ ကျင်းပနိုင်ခြင်းမရှိသေးပေ။ လူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တောင်ကြီး (သို့မဟုတ်) ပင်လုံမြို့တွင် ကျင်းပခွင့်ပေးရန် အစိုးရထံ RCSS အဖွဲ့က တောင်းဆိုထားသည်။

CSSU ဖွဲ့စည်းရန် ၂၀၁၃ နှစ်ကုန်က စတင်ဆွေးနွေးပြီး ၂၀၁၄ တွင် ဖွဲ့စည်းခဲ့သည်။ CSSU  ပထမဆုံး ဥက္ကဋ္ဌသည် RCSS ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်ဖြစ်သည်။ CSSU ဥက္ကဋ္ဌတာဝန်ကို အဖွဲ့ဝင် အဖွဲ့ အစည်းများက အက္ခရာအစဉ်အလိုက် တာဝန်ယူရန် သတ်မှတ်ထားသည်။

ယခု CSSU အစည်းအဝေးတွင် လက်ရှိဥက္ကဋ္ဌ ဦးခွန်ထွန်းဦး က လာမည့်ဥက္ကဋ္ဌအသစ်ထံ တာဝန် လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ဦးစိုင်းလိတ်က ပြောကြားသည်။

‘‘အဖွဲ့ဝင်က RCSS ရှိမယ်။ SSJAC၊ နောက် SNDP။ အက္ခရာအစဉ်အရဆိုရင် RCSS ပြီးရင် SNDP လုပ်ရ မယ်။ SNDP က သူတို့ အဆင်မသင့်သေးတဲ့အတွက် မလုပ်ခဲ့ဘူး။ သူတို့အစားကို SSJAC က တာဝန်ထမ်း ဆောင်ခဲ့တယ်။ အခု အက္ခရာအစဉ်အရ RCSS ကို ပြန်ရောက်သွားမယ်။ အဲဒီမှာ RCSS ကို တာဝန် လွှဲပြောင်းဖို့အတွက် ဆွေးနွေးမယ်၊ ညှိနှိုင်းမယ်’’ ဟု ၎င်းက ပြောသည်။ # 7 Day