လာမည့်ဆီးဂိမ်းတွင် ဆုတံဆိပ် ပိုမိုမျှော်မှန်းနိုင်မည့် မြန်မာကရာတေးဒို အားကစားအဖွဲ့

မြန်မာကရာတေးဒိုအားကစားအဖွဲ့အနေနဲ့ Thailand Open ပြိုင်ပွဲအပြီးမှာ ကစားသမားတွေရဲ့လက်ရည် တိုးတက်လာတာကို တွေ့ခဲ့ရတာကြောင့် လာမယ့်ဆီးဂိမ်းမှာ ဆုတံဆိပ် ပိုမိုမျှော်မှန်းနိုင်မယ်လို့ အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းဇော်က ပြောပါတယ်။

 

မြန်မာကရာတေးဒို အားကစားအဖွဲ့အနေနဲ့ အရင်က ကကွက်ပြိုင်ပွဲတွေမှာ အားနည်းခဲ့ပေမယ့် အခု အချိန်မှာတော့ ဆုတံဆိပ်မျှော်မှန်းနိုင်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း လာမယ့် မလေးရှားဆီးဂိမ်းဟာ Clean Sports မဖြစ်ဘဲ Politic ဆန်တဲ့ ပြိုင်ပွဲဖြစ် နေတာကြောင့် တနည်းအားဖြင့် အိမ်ရှင်နိုင်ငံကပဲ ဆုတံဆိပ်ရရှိဖို့ ကြိုးပမ်းနေတဲ့ပြိုင်ပွဲ ဖြစ်တာကြောင့် ဆုတံဆိပ်တွေကို အတိအကျ မျှော်မှန်းမထားနိုင်ဘူးလို့ ဒေါက်တာဝင်းဇော်က ဆက်လက်ပြောပါတယ်။

မြန်မာကရာတေးဒိုအားကစားအဖွဲ့ဟာ အီရန်၊ မလေးရှားနဲ့ အင်ဒိုနီးရှား အစရှိတဲ့နိုင်ငံတွေ ပါဝင် ယှဉ်ပြိုင် ခဲ့တဲ့ Thailand Open ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးတော့ ရွှေ ၃ ခု၊ ငွေ ၁ ခုနဲ့ ကြေး ၆ ဆု ရရှိခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။

မလေးရှားဆီးဂိမ်းမှာ ဆုတံဆိပ်ရရှိရေးအတွက် အဓိကယှဉ်ပြိုင်ရမယ့် အသင်းတွေကတော့ မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်အသင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ (DVB)