ရီးရဲလ်ကစားသမား ဘေးလ် ဒဏ်ရာကြောင့် အရေးပါတဲ့ ရာသီလက်ကျန်ပွဲများ လွဲချော်နိုင်

ရီးရဲလ်မက်ဒရစ် တောင်ပံတိုက်စစ် ကစားသမား ဂရတ်ဘေးလ်ဟာ အရေးပါတဲ့ ရာသီကုန် လက်ကျန် ပွဲစဉ်တွေကို လွဲချော်နိုင်ကြောင်း သိရပါတယ်။ ဘေးလ်ဟာ ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် ဆုဖလား အတွက် အရေးပါတဲ့ ရာသီလက်ကျန်ပွဲတွေကို လွဲချော်နိုင်တယ်လို့ ဆိုပါတယ်။

ဘေးလ်ရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး အဆင့် ၂ ဒဏ်ရာ ပြဿနာဖြစ်ကြောင်း ရီးရဲလ်က ပြောကြားခဲ့ပြီး ဘေးလ် ပါဝင်နိုင်ခြင်းမရှိမယ့် အချိန်ကာလကိုမူ ပြောကြားခဲ့ခြင်း မရှိပါဘူး။

စပိန်သတင်းစာ AS ကတော့ အသက် ၂၇ နှစ်အတွက် ဘေးလ်ဟာ သီတင်း ၃ ပတ်ကြာ ပါဝင်ကစားနိုင်မှာ မဟုတ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဘေးလ်ဟာ တနင်္လာနေ့ (ဧပြီ ၂၄ ရက်) မနက်အစောပိုင်းက ဘာစီလိုနာ အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲစဉ် ပွဲကစားချိန် ၃၉ မိနစ်မှာ ဒဏ်ရာကြောင့် လူစား လဲခဲ့ရပါတယ်။ ထိုပွဲစဉ်မှာ ဘာစီလိုနာက မက်ဆီရဲ့ ပွဲကစားချိန် နောက်ဆုံးမိနစ် သွင်းဂိုးဖြင့် အနိုင်ရ သွားခဲ့ပါတယ်။

စပိန်လာလီဂါ အမှတ်ပေးဇယားမှာ ရီးရဲလ်နဲ့ ဘာစီလိုနာတို့ ရမှတ်တူညီနေပြီး ရီးရဲလ်က တစ်ပွဲလျော့ ကစားထားပါတယ်။ ရီးရဲလ်ဟာ ယခုသီတင်းပတ်မှာ ဒီပို့တီဗီု၊ ဗလင်စီယာတို့နဲ့ ဆုဖလားအတွက် အရေး ပါတဲ့ လာလီဂါပွဲစဉ်တွေ ကစားရမှာလည်း ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ် မှာလည်း လာလီဂါပြိုင်ဘက် အသလက်တီကိုနဲ့ မေလ ၃ ရက် မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားရမှာပါ။

၂၀၁၃ ခုနှစ်မှာ ရီးရဲလ်ကို ပြောင်းရွှေ့ရောက်ရှိခဲ့တဲ့ ဘေးလ်ဟာ အသင်းအတွက် ပွဲစဉ် ၁၀၀ ကစားပြီး ၅၄ ဂိုး သွင်းယူထားပါတယ်။ ဘေးလ်ဟာ ဝေးလက်ရွေးစင်အဖြစ်လည်း ၂၀၀၆ ခုနှစ်မှာ စတင်ကစားခဲ့ပြီး လက်ရှိ အချိန်ထိ ၆၆ ပွဲကစားကာ ၂၆ ဂိုး သွင်းယူထားကြောင်း သိရပါတယ်။

(ဘီဘီစီ)