ပုဂ္ဂလိကရုပ်သံလုပ်ငန်း လုပ်ကိုင်ခွင့် ချပေးရန် ကုမ္ပဏီငါးခုအမည်စာရင်းကို မတ်လကုန်ပိုင်း၌ ထုတ်ပြန်ပေးသွားမည်ဟု ပြန်ကြားရေးဝန်ကြီးပြော
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) ထုတ်လွှင့်နေသည့် ရုပ်သံလိုင်းမှ ချန်နယ်လိုင်းတစ်ခုအဖြစ် ပုဂ္ဂလိက ရုပ်သံလုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ရန်အတွက် လုပ်ကိုင်ခွင့်ချပေးရန် ကုမ္ပဏီ ငါးခုအမည်စာရင်း ကို မတ်လကုန်ပိုင်း၌ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မတ် ၁၄ ရက်တွင် အမျိုးသားလွှတ်တော် အစည်းအဝေးအပြီး ထမင်းစားခန်းမတွင် ပြုလုပ်သည့် ပြန်ကြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သော ဆောင်ရွက်ဆဲ၊ ဆောင်ရွက်မည့် လုပ်ငန်း အစီ အစဉ်များနှင့် ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်များအား ရှင်းလင်းတင်ပြစဉ် ပြောကြားခဲ့သည်။
ယင်းနှင့်ပတ်သက်ပြီး ပြည် ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က “လက်ရှိဆောင်ရွက်ဆဲနဲ့ ဆောင်ရွက်ရန် လုပ်ငန်းများအစီအစဉ် တချို့မှာ ရုပ်သံလုပ်ငန်းမှာလုပ်မယ့် အစိတ်အပိုင်းနှစ်ခုရှိပါတယ်။ လောလောဆယ် ဆောင်ရွက်နေတဲ့ ပုဂ္ဂလိကရုပ်သံလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ချင်တဲ့ ပုဂ္ဂလိကလုပ်ငန်းတွေထဲက ငါးခုကို Content Provider များအဖြစ် လုပ်ကိုင်ခွင့်ပေးရေးဆိုတာ ဒါဘာလဲဆိုတော့ MRTV က ပဲ လွှင့် နေတဲ့ လိုင်းတွေရှိပါတယ်။ လွှင့်ပေးနိုင်တဲ့လိုင်းတွေထဲမှာ ရုပ်သံကို လုပ်ချင်တဲ့သူတွေကို ကျွန်တော်တို့က ချန်နယ်လိုင်း တစ်ခုပေးလိုက်မယ်လို့ဆိုပါတယ်။ သူတို့ရဲ့ အစီအစဉ်တွေကို ကျွန်တော်တို့ရဲ့ လိုင်းပေါ်ကို တင်ပြီးတော့ လွှင့်ဖို့ဘုပ်ငန်းအသုံးအနှုန်းကတော့ Content Provider လို့ခေါ်ပါတယ်။ အဲဒီရုပ်သံလုပ်ငန်း လုပ်ချင်တဲ့ ပုဂ္ဂိုလ်တွေကိုလျှောက်လွှာတွေခေါ်ပြီးတော့ စိစစ်ရွေးချယ်တာရှိပါတယ်။ လျှောက်ထားသူ ၄၀ ကျော်လောက် လျှောက်ထားတာရှိပါတယ်။ အဲဒီထဲမှငါးခုကို ပေးဖို့နေရာရှိပါတယ်။ အဲဒီငါးခုကို ဒီလ ကုန်လောက်ဆိုရင်တော့ ဘယ်အဖွဲ့အစည်းတွေက ရရှိတယ်ဆိုတာ ကြေညာဖို့ရှိပါတယ်။ အဲဒါပုဂ္ဂလိက ရုပ်သံလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးပါ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ ပုဂ္ဂလိကမီဒီယာများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်ပေးဖို့ကိုလည်း ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ရှိတဲ့အတွက်ကြောင့် အခုရှိ နေတဲ့ အကန့်အသတ်ထဲမှာ ရသလောက် ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ဒါသည် ရုပ်သံဆိုင်ရာဥပဒေ မပြီးစီးသေးတဲ့အချိန်အခါအတွင်းမှာ ဆောင်ရွက်ချင်တဲ့သူတွေအတွက် ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ဥပဒေကတော့ လွှတ်တော်မှာ အသွားအပြန် ဆွေးနွေးရန် ကြာနိုင်တဲ့အတွက်ကြောင့် ဒီကာလထဲမှာ လုပ်ကိုင်ချင်တဲ့ပုဂ္ဂိုလ်အချို့ကို လုပ်ခွင့်ရအောင်လုပ်တာဖြစ်ပါတယ်။” ဟု ပြောကြားသည်။