လက်ရှိဘဏ္ဍာနှစ် ကုန်ဆုံးရန် ရက်ပိုင်းအလိုတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာလေးဘီလျံကျော်ရှိပြီး လက်ရှိ ဘဏ္ဍာနှစ် ကုန်သွယ်မှုလိုငွေ ခန့်မှန်းချက်ထက် မြင့်မားနေ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကုန်ဆုံးရန် ရက်ပိုင်းသာလိုတော့ချိန်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ၂၅ ဘီလျံ ကျော်ရှိကာ  ကုန်သွယ်မှုလိုငွေ ဒေါ်လာလေးဘီလျံကျော်ရှိနေပြီး လက်ရှိဘဏ္ဍာနှစ် ကုန်သွယ်မှုလိုငွေ ခန့်မှန်းထားချက်ထက် မြင့်မားနေကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ် ၃ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၂၅၇၅၇ ဒသမ ၈၃၃ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄၃၈ ဒသမ ၆၁၃ သန်း ပိုမိုခဲ့ကြောင်း သိရသည်။ လက်ရှိ ဘဏ္ဍာနှစ် ပြည်ပကုန်သွယ်မှု ပမာဏ ဒေါ်လာ ၂၅ ဘီလျံကျော်တွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၀၄၅၄ ဒသမ ၆၅၇ သန်း၊ သွင်းကုန် တန်ဖိုး ဒေါ်လာ ၁၅၃၀၃ ဒသမ ၁၇၆ သန်းပါဝင်ပြီး သွင်းကုန်တန်ဖိုး များပြားနေသဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၄၈၄၈ ဒသမ ၅၁၉ သန်းကျော် ဖြစ်ပေါ်နေသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၃၁၃၅ သန်းသာရှိရန် ခန့်မှန်းထား သော်လည်း လက်ရှိတွင် ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ လေးဘီလျံကျော်ရှိနေသဖြင့် ကုန်သွယ်မှုလိုငွေ ခန့်မှန်းချက်ထက် မြင့်မားနေခြင်းဖြစ်သည်။

ကုန်သွယ်မှုလိုငွေပြမှု လျှော့ချရန် မရှိမဖြစ် သွင်းကုန်များမှလွဲ၍ ဇိမ်ခံကုန်စည်နှင့် သွင်းကုန်များအား စိစစ်ဆောင်ရွက်သွားရန် စီစဉ်မှုများရှိနေကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်) တွင် ဖော်ပြထားသည်။

ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်ရန် ကုန်သွယ်မှုကဏ္ဍတွင် ကုန်သွယ်မှုလိုငွေပြမှု လျှော့ချရေးအတွက် ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်မှုနှင့် ထုတ်လုပ်မှုစံနှုန်း မြင့်မားရေး နှင့်  မရှိမဖြစ် သွင်းကုန် များမှလွဲ၍ ကျန်သော ဇိမ်ခံကုန်စည်နှင့် သွင်းကုန်များအား စိစစ်ရေး ကိစ္စရပ်ကို ကြိုးပမ်းဆောင်ရွက်ရန် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် ) တွင် ဖော်ပြထားသည်။

ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် ကုန်သွယ်မှုစာရင်းများအရ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကုန်သွယ် မှုလိုငွေ ဒေါ်လာ ၉၁ ဒသမ ၉ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၅၅၅ ဒသမ ၅ သန်းရှိခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၄၉၁၂ ဒသမ ၅၅၉ သန်း ရှိခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင်မူ ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၅၄၀၇ ဒသမ ၄၆၄ သန်းရှိသဖြင့် ကုန်သွယ်မှုလိုငွေ အများဆုံးပြသည့်နှစ် ဖြစ်ခဲ့ကြောင်း သိရသည်။

# Eleven