ရခိုင်တွင် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား NVC စိစစ်ထုတ်ပေးရန် ဦးဆောင်အဖွဲ့ ဖွဲ့စည်း
ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား NVC (National Verification Card) စိစစ်ထုတ်ပေးခြင်းလုပ်ငန်းများကို နယ်လှည့်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအဆင့် ၀န်ကြီးအပါအ၀င် ခုနစ်ဦးပါဝင်သော ဦးဆောင်အဖွဲ့ကို နိုင်ငံတော်သမ္မတအမိန့် ဖြင့် ဖွဲ့စည်းလိုက်သည်။
‘ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) စိစစ်ထုတ်ပေးရေး ဦးဆောင်အဖွဲ့’ ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား ဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီး အတွင်းရေးမှူး၊ အဖွဲ့ဝင်စုစုပေါင်း ခုနစ်ဦးဖြင့် ဖွဲ့စည်းကြောင်း ဖေဖော်ဝါရီ ၈ ရက်စွဲဖြင့် သမ္မတရုံးက ထုတ်ပြန်ကြေညာသည်။
ဦးဆောင်အဖွဲ့တွင် ပြည်ထဲရေး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီးတစ်ဦးစီနှင့် ရခိုင်ပြည်နယ်လုံဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က အဖွဲ့ဝင်အဖြစ်ပါဝင်ကာ နယ်စပ်ရေးရာဒုဝန်ကြီးက အတွင်းရေး မှူး၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တွဲဖက်အတွင်းရေးမှူးအဖြစ် ဆောင် ရွက်သည်။
မြန်မာနိုင်ငံတစ်ဝန်းလုံး ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပြဋ္ဌာန်းချက်နှင့်အညီ စိစစ်ဆောင်ရွက်ရန် လိုအပ်သူများ အားထုတ်ပေးထားသော ယာယီသက်သေခံလက်မှတ် (White Card) များကို ၂၀၁၅ မေလ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးသောကြောင့် ယင်းနေ့မတိုင်မီ အဆိုပါ ယာယီသက်သေခံလက်မှတ်များကို ပြန်လည် အပ်နှံစေခဲ့သည်။
ယင်းကတ်ပြန်လည်အပ်နှံသူများကိုယ်တိုင် NVC ရရှိရေး၊ လျှောက်ထားရပြီး လျှောက်ထားမှုအပေါ် မြို့နယ် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနက မှန်၊မမှန် တိုက်ဆိုင်စိစစ်ဆေးမှုများ ဆောင်ရွက်ပြီး မှန်ကန် ပါက NVC ထုတ်ပေးခြင်းကို မြို့နယ်အလိုက် စီမံဆောင်ရွက်လျက်ရှိကြောင်းလည်း ပါရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ရခိုင်ပြည်နယ်အတွင်း နယ်မြေဒေသ အခြေအနေအပါအ၀င် အကန့် အသတ် အခက်အခဲများရှိနေခြင်း၊ လျှောက်ထားလိုသူကိုယ်တိုင် သက်ဆိုင်ရာမြို့နယ်ရုံးများသို့ သွားရောက် ဆောင်ရွက်ရခြင်း၊ မြို့နယ်အတွင်း သွားလာရာတွင်လည်း စစ်ဆေးမှုများရှိနေသောကြောင့် တစ်နေရာမှ တစ် နေရာသို့ သွားလာမှုနည်းပါးနေခြင်း၊ အခြားသောဖိအားပေးမှုများရှိနေခြင်း စသည့်အကြောင်းများကြောင့် ယာယီ သက်သေခံလက်မှတ် (White Card) ပြန်လည်အပ်နှံသူ သုံးသိန်း ကိုးသောင်းကျော်အနက် ၂၀၁၇ ဇန်န၀ါရီ ၁၆ ရက်အထိ ခြောက်ထောင်ကျော်ကိုသာ NVC ကတ်ပြား ထုတ်ပေးနိုင်သည့် အခြေအနေရှိကြောင်း ဖော်ပြထား သည်။
နယ်မြေဒေသအခြေအနေအရ အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် တပ်မတော်နှင့် နယ်ခြား စောင့်ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့များ စစ်ဆင်ရေးအသွင် ဆောင်ရွက်နေချိန် လက်ရှိကာလတွင် NVC စိစစ်ထုတ်ပေးရန် လုပ်ငန်းများကို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရ ပူးပေါင်းကာ အလေးထားဆောင်ရွက်ရန် လိုအပ်လျက် ရှိကြောင်း တွေ့ရှိရပါသည်။
သို့ဖြစ်၍ ရခိုင်ပြည်နယ်အတွင်း NVC စိစစ်ထုတ်ပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အောင်မြင်စွာ ထုတ်ပေးနိုင်ရေး နယ်လှည့်ကွင်းဆင်း၍ ဆောင်ရွက်နိုင်ရန် NVC စိစစ်ထုတ်ပေးရေးဦးဆောင်အဖွဲ့’ ကို ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
# 7 Day Daily