ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရုံမှူးတာဝန် ထမ်းဆောင်မည့်သူများအား တစ်လအလို၌ သင်တန်းပေးမည်

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် မဲရုံမှူးများအား ရွေးကောက်ပွဲကျင်းပရန် တစ်လအလိုတွင် မဲရုံမှူးသင်တန်းများ စတင်ပို့ချမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သတင်းရရှိသည်။

တစ်နိုင်ငံလုံးတွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် မြို့နယ် ၂၂ မြို့နယ်ရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် မဲရုံမှူးများအား မတ်လအတွင်း သင်တန်းပေးမည် ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးတင်ထွန်းက ပြောကြားသည်။

၂၀၁၇ ဧပြီတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲသည် မဲဆန္ဒနယ်နည်းပါး၍ မဲရုံမှူးများအား ထိထိ ရောက်ရောက် သင်တန်းပေးနိုင်မည်ဖြစ်ကာ မဲရုံများ၌ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ မရှိစေရန် ဆောင်ရွက်မည်ဟု ၎င်းကပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ပြီးခဲ့သည့် ရွေးကောက်ပွဲများ၌ အသုံးပြုသည့်မဲရုံများကိုပင် ဆက်လက်အသုံးပြု မည်ဖြစ်ကာ မဲရုံမှူးနှင့် မဲရုံဝန်ထမ်းအများစုကို လည်း ပညာရေးဝန်ကြီးဌာနမှ ဆရာ၊ ဆရာမများအား ခန့်ထား ဆောင်ရွက်မည်ဖြစ်သဖြင့် ကြိုတင်လျာထားဆောင်ရွက်နိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပညာရေး ဝန်ကြီး ဌာနနှင့် ဆွေးနွေးနေပြီဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြီးခဲ့သည့် အောက်တို ဘာ ၂၆ ရက်က နေပြည်တော်၌ ရွေးကောက် ပွဲလုပ်ငန်းစဉ်တွင် ပါဝင်နေသည့် ဝန်ကြီးဌာနများနှင့် တွေ့ဆုံ ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

၂၀၁၇ ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲသည် လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာရှိကာ လစ်လပ် မဲဆန္ဒနယ်များရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခုတို့မှ မြို့နယ် ၂၂ မြို့နယ်၌ ကျင်းပမည်ဖြစ်သည်။

လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာတွင် ပြည်သူ့လွှတ်တော်အတွက် ကိုးနေရာ၊ အမျိုးသားလွှတ်တော်အတွက် သုံးနေရာ၊ ပြည်နယ်လွှတ်တော်အတွက် ခုနစ်နေရာဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး၌ မဲရုံပေါင်း ၄၀,၁၄၀ ရှိပြီး မဲဆန္ဒရှင်ပေါင်း ၃၄,၂၉၅,၃၃၄ ဦးရှိသဖြင့် မဲရုံတစ်ရုံလျှင် ပျမ်းမျှ မဲဆန္ဒရှင်ပေါင်း ၈၅၅ ဦးရှိသည်။

# 7 Day Daily