UPDJC အစည်းအဝေး ဇန်န၀ါရီအတွင်း ပြုလုပ်နိုင်ဖွယ်ရှိ
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ဇန်န၀ါရီအတွင်း ပြုလုပ်နိုင်ဖွယ် ရှိကြောင်း သတင်းရရှိသည်။ UPDJC အစည်းအဝေးကို ဇန်န၀ါရီ ၉ ရက်မှ ၁၃ ရက်အတွင်း ပြုလုပ်နိုင်ရန် အစိုးရထံအဆိုပြု တင်ပြထားကြောင်း UPDJC ဒု ဥက္ကဋ္ဌ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ဦးသုဝေကပြောသည်။
‘‘ကျွန်တော်တို့ကတော့ ၉ ရက်ကနေ ၁၃ ရက်အတွင်းဖြစ်ပါတယ်။ အစိုးရအဖွဲ့အနေနဲ့ အဲဒီကြားထဲမှာ အဆင်သင့် ဖြစ်လို့ရှိရင် လုပ်ပါလို့ အဆိုပြုလိုက်တာပေါ့’’ ဟု ဦးသုဝေကဆိုသည်။
UPDJC သည် တစ်နိုင်ငံလုံး အပစ်ရပ်သဘောတူညီချက်အရ ဖွဲ့စည်းထားသည့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် ဆုံးဖြတ်ချက်ပေးနိုင်သော အဆင့်အမြင့်ဆုံး အဖွဲ့အစည်းဖြစ်သည်။ UPDJC ကို အစိုးရ၊ တိုင်းရင်းသားလက်နက် ကိုင်နှင့် နိုင်ငံရေးပါတီကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီး ဥက္ကဋ္ဌမှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။
အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကိုလည်း ဇန်န၀ါရီ အတွင်း ကျင်းပရန် စီစဉ်ထားကြောင်း သတင်း ရရှိသည်။
‘‘နေ့တော့ ကွာမှာပေါ့ဗျာ။ ဘာလိုလဲဆိုတော့ UPDJC အစည်းအဝေး ဆုံးဖြတ်ချက်ရမှ ဒါတွေက လုပ်ရတာကိုး’’ဟု ဦးသုဝေက ဆက်လက်ပြောကြားသည်။
# 7 Day Daily