ဆီးရီးယားတွင် အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှု တရုတ်နှင့် ရုရှား ပယ်ချ

ဆီးရီးယားနိုင်ငံ၊ အလက်ပိုမြို့မှာ ၇ ရက်ကြာ အပစ်ခတ်ရပ်စဲဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင်နိုင်ငံ တွေရဲ့ တောင်းဆိုမှုကို တရုတ်နဲ့ ရုရှားနိုင်ငံတို့က ဗီတိုအာဏာနဲ့ ပယ်ချ လိုက်ပါတယ်။

 

ဒီအဆိုကို အချောသတ်ပြင်ဆင်ဖို့ အချိန် ၂၄ နာရီပေးရမယ့် စည်းမျဉ်းကို ချိုးဖောက်တယ်ဆိုပြီး ရုရှားနိုင်ငံက ပြောပါတယ်။

အလက်ပိုမြို့ အရှေ့ပိုင်းမှာ ဆီးရီးယားစစ်တပ်က လတ်တလော သိမ်းယူထားတဲ့ နယ်မြေတွေကို ရုရှားနိုင်ငံက ထိန်းချုပ်ထားချင်လို့ ကြံဖန်ဆင်ခြေပေးတာလို့ အမေရိကန်နိုင်ငံက တုံ့ပြန်စွပ်စွဲခဲ့ပါတယ်။

အလက်ပိုမြို့မှာ ၇ ရက်ကြာ အပစ်အခတ်ရပ်စဲပြီး ပိတ်ဆို့ခံနေရတဲ့ အရပ်သားတွေကို အရေးပေါ် ကူညီ ထောက်ပံ့ မှုတွေ အတားအဆီးမရှိ ပေးပို့ဖို့အတွက် အီဂျစ်၊ နယူးဇီလန်နဲ့ စပိန်နိုင်ငံတို့က ပူးတွဲအဆို တင်သွင်းခဲ့ကြတာပါ။ ဗင်နီဇွဲလားနိုင်ငံကလည်း ရုရှားနဲ့ တရုတ်တို့နဲ့အတူ ကန့်ကွက်ခဲ့ပါတယ်။

အလက်ပိုမြို့မှာ ဆီးရီးယားစစ်တပ်က သူပုန်ထိန်းချုပ်နယ်မြေတွေကို ဆက်လက်သိမ်းပိုက်ရရှိနေပြီး တကယ် အတည်ပြုနိုင်မယ်ဆိုရင် တပတ်ကျော်အတွင်း သူပုန်နယ်မြေ ၇၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးခဲ့တယ်လို့ သတင်း တွေက ဖော်ပြပါတယ်။

အလက်ပိုမြို့မှာ သူပုန်တွေ ဆက်လက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အရပ်သား ၁ သိန်းကျော်လည်း ပိတ်ဆို့ ခံနေကြရပြီး ရိက္ခာနဲ့ ဆေးဝါးတွေ လုံးဝပြတ်လပ်သလောက်ဖြစ်နေပြီလို့ ကုလသမဂ္ဂက သတိပေးထားတယ်လို့ သိရပါတယ်။

# DVB


Leave a Reply