UNFC အဖွဲ့ဝင်အဖြစ်မှ အမြဲတမ်းထွက်သွားရန် အကြောင်းပြန်ပြီးဖြစ်ကြောင်း PNLO ဦးဆောင်နာယကပြော

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)  အဖွဲ့ဝင်အဖြစ်မှ အမြဲတမ်းထွက်သွားရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း UNFC သို့ အကြောင်းပြန်ကြားထားပြီး ဖြစ်သည်ဟု ပအိုဝ်းတိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ PNLO ဦး ဆောင်နာယက ဗိုလ်မှူးကြီး ခွန် ဥက္ကာက ပြောသည်။

၂၀၁၅ အောက်တိုဘာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၌ ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ကို UNFC က အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းထားသည်။

သို့ရာတွင် ပြီးခဲ့သော ရက်ပိုင်းက ကျင်းပခဲ့သည့် UNFC တိုးချဲ့အစည်းအဝေးနှင့် UNFC ၏ တတိယအကြိမ် ညီလာခံသို့ PNLO နှင့် CNF အဖွဲ့တို့ တက်ရောက်ရန် UNFC က ဖိတ်ကြားစာများပေးပို့ခဲ့ကြောင်း သိရသည်။

‘‘ကျွန်တော်တို့ PNLO ရဲ့ သဘောထားကိုတော့ ကျွန်တော်တို့ ဖိတ်စာနှစ်စောင်စလုံးအပေါ်မှာ တစ်ပေါင်းတည်း ပြန်ကြားလိုက်တယ်။ ပြန်ကြားတာက တခြားတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ကို ယာယီထုတ်ပယ်ထားတယ်လို့ ဆုံးဖြတ်ထားတဲ့ကိစ္စကို ကျွန်တော်တို့ PNLO ရဲ့ ဗဟိုအစည်းအဝေးတစ်ရပ်ကနေပြီးတော့ ယာယီထုတ်ပယ်ထား တဲ့ကိစ္စကို အမြဲတမ်းအဖွဲ့ဝင်အဖြစ်က ထွက်သွားဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်တယ်ဗျ။ ယာယီကတော့ UNFC ကပေါ့။ ကျွန်တော်တို့ဘက်ကတော့ အမြဲတမ်းလို့ ဆုံးဖြတ်လိုက်ပြီးတော့ ကျွန်တော်တို့က ပါဝင်ခြင်းမရှိတော့ဘူး’’ ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

UNFC အဖွဲ့ဝင်မဟုတ်တော့၍ PNLO အနေဖြင့် UNFC ညီလာခံကျင်းပချိန်တွင် ပါဝင်တက်ရောက်မည်မဟုတ်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

UNFC ကိစ္စနှင့်ပတ်သက်ပြီး တိုက်ရိုက်တာဝန်ယူထားခြင်းမရှိ ၍ အသေးစိတ်မသိသော်လည်း UNFC ညီလာခံသို့ တက်ရောက်ရန် CNF ကို ဖိတ်ကြားထားသည်ဟု CNF ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဆလိုင်းလျန်မှုန်းက ဆိုသည်။ ‘‘လက်မှတ်ထိုးတဲ့အဖွဲ့နဲ့ လက်မှတ်မထိုးတဲ့အဖွဲ့ဆိုပြီးတော့ ကွဲပြားလာတဲ့အပေါ်မှာ CEC မှာ ကျွန်တော်တို့တိုင်ပင်ရ ဦးမယ်နဲ့တူပါတယ်’’ ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောသည်။

လက်ရှိတွင် UNFC ကို NCAလက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုးဖွဲ့ဖြင့် ဖွဲ့စည်းထားရာ ယင်းတို့အနက် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တို့က UNFC မှ နုတ်ထွက်ခွင့်တောင်းဆိုထားသည်။

‘‘UNFC ညီလာခံက အခြေအနေတစ်ခုကြောင့် နောက်ပြန်ဆုတ်တယ်လို့ သိရပါတယ်။ ကျွန်တော်တို့က UNFC က နုတ်ထွက်စာတင်ထားတယ်။ ဒီလာမယ့် ညီလာခံမှာ သူတို့ဆုံးဖြတ်လိမ့်မယ်။ အဲဒါက လက်ရှိအခြေအနေပါ။ လောလောဆယ်တော့ ကျွန်တော်တို့က UNFC အဖွဲ့ဝင်အဖြစ် ရှိနေဆဲပါပဲ’’ ဟု TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာ့ဘုန်းကျော်က ပြောသည်။

UNFC ၏ ဖွဲ့စည်းပုံအရ ညီလာခံကို ၂ နှစ်လျှင်တစ်ကြိမ် ကျင်းပရမည်ဖြစ်သည်။ UNFC တတိယအကြိမ် ညီလာခံ ကို ၂၀၁၆ သြဂုတ်အတွင်းကျင်းပရမည်ဖြစ်သော်လည်း မကျင်းပဖြစ်ဘဲ ဒီဇင်ဘာ ၁၇၊ ၁၈၊ ၁၉ ရက်များတွင် ကျင်းပရန် ရွှေ့ဆိုင်းခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ထိုင်းနိုင်ငံချင်းမိုင်၌ ကျင်းပခဲ့သော UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီတိုးချဲ့အစည်းအဝေးတွင် ညီလာခံကို ယာယီရွှေ့ဆိုင်းရန် ထပ်မံဆုံးဖြတ် ခဲ့သည်။

UNFC ဖွဲ့စည်းစဉ်က ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) တို့အပါအ၀င် အဖွဲ့အစည်း ၁၂ ခုဖြင့် ဖွဲ့စည်းခဲ့ရာ ၂၀၁၄ UNFC ညီလာခံတွင် KNU က UNFC အဖွဲ့ဝင်အဖြစ် ပါဝင်မှုကို ယာယီရပ်ဆိုင်းခဲ့သည်။

လက်ရှိ UNFC ၏ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် အဖွဲ့ဝင် အဖွဲ့အစည်း ခုနစ်ဖွဲ့ရှိရာ ၎င်းတို့မှာ KIO/KIA ၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ လားဟူဒီမိုကရက် တစ်အစည်းအရုံး (LDU)၊ ‘၀’အမျိုးသားအဖွဲ့ချုပ် (WNO) ရခိုင်ပြည် အမျိုးသား ကောင်စီ (ANC) တို့ ဖြစ်သည်။

UNFC ကို ၂၀၁၁ က ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌမှာ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIO/KIA ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဖြစ်သည်။ UNFC အဖွဲ့ဝင် အဖွဲ့အစည်းများ NCA တွင် ပါဝင်နိုင်ရေးအတွက် ကိုယ်စား လှယ်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းကာ အစိုးရနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိသော်လည်း ပြေလည်မှုမရသေးပေ။

# 7 Day Daily


Leave a Reply