ဝန်ကြီးချုပ်ဟောင်း ပီရက်စ်၏ ဈာပန တက်ရောက်ရန် ကမ္ဘာ့ခေါင်းဆောင်များ အစ္စရေးသို့ရောက်ရှိ
ကွယ်လွန်သူ အစ္စရေး ဝန်ကြီးချုပ်ဟောင်း ရှီမွန်ပီရက်စ်၏ ဈာပနကို တက်ရောက်ရန်အတွက် ကမ္ဘာအရပ်ရပ်မှ နိုင်ငံခေါင်းဆောင်များ အစ္စရေးသို့ စုရုံး ရောက်ရှိလာ ကြောင်း သိရသည်။
အသက် ၉၃ နှစ်အရွယ်ရှိ အစ္စရေး ဝန်ကြီးချုပ်ဟောင်း၊ သမ္မတဟောင်းနှင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ပီရက်စ်၏ ဈာပနကို ဂျေရုဆလင်တွင် စက်တင်ဘာ ၃၀ ညနေပိုင်း၌ ဂျူးထုံးတမ်းစဉ်လာများအတိုင်း ပြုလုပ်သွားမည် ဖြစ်သည်။ ပီရက်စ်၏ ဈာပနကို တက်ရောက်ရန် အစ္စရေးသို့ နိုင်ငံခေါင်းဆောင် အမြောက်အမြား ရောက်ရှိလာရာ လုံခြုံရေးအဆင့်ကို တိုးမြှင့်ထားသလို လူအချို့ကိုလည်း သတိထားကြိုတင်ပြင်ဆင်မှုအဖြစ် ယာယီ ထိန်းသိမ်း ထားသည်။
အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးကို အစွမ်းကုန် အားထုတ် ညှိနှိုင်းပေးခဲ့သူ တစ်ဦးလည်းဖြစ်သည့်အတွက် ပီရက်စ်၏ ဈာပနကို ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အာဘက်စ်လည်း တက်ရောက်ခဲ့သည်။ ၎င်းသည် ၂၀၁၀ နောက်ပိုင်း အစ္စရေးသို့ ပထမဆုံးအကြိမ် ပြန်လည် ခြေချခြင်းလည်းဖြစ်သည်။ အစ္စရေး သတင်းဌာန Haaretz၏ အဆိုအရ ယခုခရီးစဉ်ကို အာဘက်စ်ကိုယ်တိုင်က လိုလိုလားလား တောင်းဆိုခဲ့ခြင်းဟု သိရသည်။
ပါလက်စတိုင်း အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးက “မစ္စတာ အာဘက်စ်က ပါလက်စတိုင်း လူ့အဖွဲ့အစည်းဟာ ငြိမ်းချမ်းမှုကို ဦးတည်ကြောင်း အားကောင်းတဲ့ သတင်းစကားတစ်ရပ် အစ္စရေးပြည်သူတွေဆီ ပေးပို့ဖို့လည်း ရည်ရွယ်ပါတယ်။ ပြီးတော့ ပီရက်စ်လို ငြိမ်းချမ်းရေးအတွက် အားထုတ်ခဲ့သူ တစ်ဦးကိုလည်း သူက အမြဲတမ်း အသိအမှတ်ပြု လေးစားနေပါတယ်”ဟု ပြောကြားခဲ့သည်။
ဈာပန အခမ်းအနားသို့ တက်ရောက်မည့် အခြားသောနိုင်ငံခေါင်းဆောင်များတွင် ဩစတြေးလျ ဝန်ကြီးချုပ် မယ်လ်ကွမ်တန်ဘူးလ်၊ ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒီရူ၊ ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်း၊ ဂျာမနီ သမ္မတ ဂျိုအာချင်မ်ဂေါ့ခ်၊ စပိန်ဘုရင် (ဆဋ္ဌမ) ဖိလစ်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ကဲ့သို့ ပုဂ္ဂိုလ်များပါ ပါဝင်ကြသည်။
အမေရိကန် သမ္မတ ဘာရတ်အိုဘားမားသည်လည်း အဆိုပါ ဈာပန အခမ်းအနားသို့ တက်ရောက်ပြီး ပီရက်စ်၏ သားသမီးသုံးဦး၊ လက်ရှိ အစ္စရေးဝန်ကြီးချုပ်၊ အစ္စရေးသမ္မတတို့နှင့်အတူ မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည်။ ပီရက်စ်၏ ဈာပနကို အရှေ့အလယ်ပိုင်း နိုင်ငံများက တက်ရောက်မှု မရှိခဲ့ကြဘဲ ခြွင်းချက်အဖြစ် ဂျော်ဒန် တစ်နိုင်ငံတည်းသာ တရားဝင် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့ကြောင်း သိရှိရသည်။ Ref: BBC