ရုရှားနိုင်ငံ၌ အောက်လွှတ်တော်နှင့် ဒေသန္တရရွေးကောက်ပွဲများ ကျင်းပ
ဗလာဒီဗော့စတော့ စက်တင်ဘာ ၁၈
ရုရှားနိုင်ငံ၌ အောက်လွှတ်တော်နှင့် ဒေသန္တရရွေးကောက်ပွဲများကို စက်တင်ဘာ ၁၈ ရက်တွင် စတင်ကျင်းပကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သတင်းထုတ်ပြန်သည်။
အချိန်ဇုန် ၁၁ ဇုန်အထိ ပိုင်းခြားထားသော ရုရှားနိုင်ငံ၌ ပထမဆုံးဖွင့်လှစ်သော မဲရုံများမှာ နိုင်ငံအရှေ့စွန်းရှိ ကမ်ချတ်ကာ ကျွန်းဆွယ်၌ တည်ရှိသည်။
ရေနံတင်ပို့ရောင်းချသော ရုရှားနိုင်ငံသည် နိုင်ငံတကာ စီးပွားရေး ဒဏ်ခတ်မှုများနှင့် တွေ့ကြုံနေရသော်လည်း သမ္မတ ဗလာဒီမာပူတင်နှင့် ၎င်း၏ ညီညွတ်သော ရုရှားပါတီတို့မှာ ပြည်သူတို့၏ ထောက်ခံမှုကို အခိုင်အမာရရှိ နေဆဲဖြစ်သည်။
သမ္မတပူတင်အား သစ္စာစောင့်သိသူ ဝန်ကြီးချုပ် ဒီမစ်ထရီ မက်ဗီဒေ့ဦးဆောင်သည့် ညီညွတ်သော ရုရှားပါတီသည် အမတ်နေရာ ၄၅ဝ ရှိ အောက်လွှတ်တော်၌ အင်အားအခိုင်အမာရရှိခဲ့သော ပါတီအဖြစ် ရပ်တည်လျက်ရှိသည်။
အောက်လွှတ်တော်သစ်၏ အမတ်နေရာများအတွက် အမတ်နေရာ ၂၂၅ နေရာကို အချိုးကျဖြစ်သော စနစ်အရ ရွေးချယ်တင်မြှောက်မည်ဖြစ်ပြီး နောက်ထပ် အမတ်နေရာ ၂၂၅ နေရာကို အမတ်နေရာ တစ်ဦးတည်းသာရှိသော မဲဆန္ဒနယ်မြေများအလိုက် ရွေးချယ်တင်မြှောက်မည်ဖြစ်သည်။
စုစုပေါင်း နိုင်ငံရေးပါတီ ၁၄ ပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒနယ်မြေအလိုက် အမည်စာရင်း တင်သွင်းသူ ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လျက် ရှိကြကြောင်း ရုရှားတာ့စ် သတင်းဌာန က သတင်းထုတ်ပြန်သည်။
နိုင်ငံပိုင်နက် နယ်မြေအတွင်းနေထိုင်သူ ရုရှား နိုင်ငံသား ၁၁၁ ဒသမ ၆ သန်းနှင့် ပြည်ပရောက် ရုရှားနိုင်ငံသားများ မဲပေးခွင့် ရှိကြောင်း၊ နိုင်ငံတစ်ဝန်းတွင် မဲရုံပေါင်း ၉၄ဝဝဝ ကျော်၊ ပြည်ပရှိ ကောင်စစ်ဝန်ရုံးများတွင် မဲရုံပေါင်း ၃၇၁ ရုံ ဖွင့်လှစ်ထားကြောင်း သတင်းတွင် ဖော်ပြသည်။
(ဆင်ဟွာ)