
၂၀၁၉ မောရစ်သျှ နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ မြန်မာကစားသမား သက်ထားသူဇာက ဖင်လန်နိုင်ငံမှ ကစားသမား အိုင်ရီမစ်ခီလာ ကို ၂၁-၁၀၊ ၂၁-၁၉ နဲ့ နှစ်ပွဲပြတ် အနိုင်ရရှိပြီး ဗိုလ်စွဲသွားပါတယ်။ မောရစ်သျှ နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲကို ဇွန်လ ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့တာပါ။ ဒီပွဲကို အာဖရိက ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပတာပါ။ သက်ထားသူဇာဟာ အဲဒီပြိုင်ပွဲကို ရှုံးထွက်ပထမအဆင့်ကနေ စတင်ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ အိမ်ရှင် မောရစ်သျှနိုင်ငံသူကို နှစ်ပွဲပြတ်၊ ကွာတားဖိုင်နယ်မှာ မလေးရှားနိုင်ငံသူကို နှစ်ပွဲပြတ်၊ အကြိုဗိုလ်လုပွဲမှာ အိန္ဒိယနိုင်ငံသူကို နှစ်ပွဲတစ်ပွဲနဲ့ အနိုင်ပြီး ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာပါ။ ဗိုလ်လုပွဲမှာလည်း ပြိုင်ဖက်ကို ၂ ပွဲ ပြတ်အနိုင်ယူပြီး ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။









