
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့ပေါင်းပြီး စီးပွားရေး ကုမ္ပဏီ ထူထောင်မည်ဟု ယင်းအဖွဲ့ကိုယ်စားလှယ်များ က ပြောသည်။ NCA လက်မှတ်ထိုးအဖွဲ့ခြောက်ဖွဲ့၏ ရပ်တည်ရေး အတွက် ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် တစ်ဖွဲ့လျှင် တစ်ဦးစီပါဝင်သည့် ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ဖြင့် ညှိနှိုင်းဆောင်ရွက်နေသည်ဟု KNLA ငြိမ်းချမ်းရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။ အဆိုပါ ညှိနှိုင်း ဆွေးနွေးရေး အဖွဲ့ ခေါင်းဆောင်သည် ပအိုဝ်းအဖွဲ့ (PNLO) ဒုဥက္ကဋ္ဌ ခွန်မြင့် ထွန်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

