တ႐ုတ္ႏိုင္ငံမွာ ဇူလိုင္လအတြင္း ကိုဗစ္-19 ကူးစက္ခံရသူသစ္ ၅၂၂,၀၀၀ ဦးရွိခဲ့

တ႐ုတ္ႏိုင္ငံမွာ ဇူလိုင္လအတြင္း ကိုဗစ္-19 ကူးစက္ခံရသူသစ္ ၅၂၂,၀၀၀ ဦးရွိခဲ့
=========================
တ႐ုတ္ႏိုင္ငံမွာ ဇူလိုင္လအတြင္း ကိုဗစ္-19 ကူးစက္ခံရသူသစ္ ၅၂၂,၀၀၀ ဦး၊ ျပင္းထန္လူနာ ၄၈၇ ဦးနဲ႔ ေသဆုံးသူ ၁ ဦး ရွိခဲ့ၿပီး ကူးစက္မႈႏႈန္း အတက္အက်ျဖစ္ရင္း ျမင့္တက္ေနတယ္လို အမ်ိဳးသား ေရာဂါထိန္းခ်ဳပ္ေရး အာဏာပိုင္အဖြဲက သတင္းထုတ္ျပန္ပါတယ္။

​အခုလို ေရာဂါျဖစ္ပြားမႈ ျပန္လည္ျမင့္တက္လာတာဟာ လြန္ခဲ့တဲ့ ႏွစ္ႏွစ္အတြင္း ျဖစ္ပြားခဲ့ဖူးတဲ့ ရာသီအလိုက္ ပုံမွန္ကူးစက္မႈလွိင္း တစ္ခုသာ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ကူးစက္မႈႏႈန္း တက္တာ ေႏွးေကြးသြားၿပီျဖစ္လို ေရာဂါျဖစ္ပြားမႈရဲ႕ အျမင့္ဆုံးအဆင့္(plateau phase) သို ေရာက္ရွိေနၿပီလို တ႐ုတ္ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္ေရးဗဟိုဌာန(Chinese CDC) က ဆိုပါတယ္။ စစ္ေဆးေတြ႕ရွိရတဲ့ ဗိုင္းရပ္စ္အားလုံးဟာ အိုမီခ႐ြန္(Omicron) ဗီဇေျပာင္းအမ်ိဳးအစားမ်ားျဖစ္ၿပီး၊ အမ်ားစုမွာ NB.1.8.1 မ်ိဳးစိတ္နဲ႔ ယင္းရဲ႕ မ်ိဳးစိတ္ခြဲမ်ား ျဖစ္ၾကပါတယ္။

​ေပက်င္း ယိုအန္ ေဆး႐ုံမွ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ အထူးကုဆရာဝန္ လီထုန္းဇိ (Li Tongzeng) ရဲ႕ အဆိုအရ ေရာဂါကူးစက္မႈ ျပန္လည္ျမင့္တက္လာရတဲ့ အဓိက အေၾကာင္းရင္းေတြကေတာ့
​- လူထု၏ ခုခံအား ေလ်ာ့က်လာျခင္း။
– ​ဗိုင္းရပ္စ္၏ အဆက္မျပတ္ ဗီဇေျပာင္းေနမႈေၾကာင့္ ရွိၿပီးသား ခုခံအား ပဋိပစၥည္းမ်ား၏ ကာကြယ္ႏိုင္စြမ္း နိမ့္က်သြားျခင္း။
– တ႐ုတ္ႏိုင္ငံေႏြရာသီ ေက်ာင္းပိတ္ရက္အတြင္း ခရီးသြားလာမႈႏွင့္ လူထု သြားလာလႈပ္ရွားမႈ မ်ားျပားလာျခင္း တိုေၾကာင့္ျဖစ္တယ္လို ဆိုပါတယ္။

​ဗိုင္းရပ္စ္ဟာ ဆက္လက္ ဗီဇေျပာင္းေနေပမဲ့ ပိုမိုျပင္းထန္လာတဲ့လကၡဏာ မရွိေသးပါဘူး။ ကူးစက္ခံရသူ အမ်ားစုမွာ လကၡဏာ ေပါ့ပါးၿပီး အဆုတ္ေရာင္ျခင္း သိုမဟုတ္ ေဆး႐ုံတက္ရျခင္း အလြန္နည္းပါးပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ေတြရဲ႕ စာရင္း‌ေတြအရ ကိုဗစ္-၁၉ ဟာ ခုခံအား ေလ်ာ့က်ခ်ိန္ျဖစ္တဲ့ ၆ လမွ ၈ လ လွ်င္ တစ္ႀကိမ္ ကူးစက္မႈ ျပန္လည္ ျမင့္တက္ေလ့ ရွိပါတယ္။

​တ႐ုတ္ႏိုင္ငံမွာ ဇူလိုင္လအတြင္း ကိုဗစ္-19ေၾကာင့္ ေသဆုံးသူ ၁ ဦးသာ ရွိခဲ့ျခင္းက လက္ရွိ ေသဆုံးမႈႏႈန္း အလြန္နည္းပါးေနေသးေၾကာင္း ျပသေနၿပီး၊ ဩဂုတ္လေႏွာင္းပိုင္းတြင္ ကူးစက္မႈေတြ ျပန္လည္က်ဆင္းသြားမည္ဟု ခန႔္မွန္းထားပါတယ္။ တ႐ုတ္ CDC အေနျဖင့္လည္း အမ်ားျပည္သူ က်န္းမာေရးကို စိုးရိမ္ရေလာက္တဲ့ ဗီဇေျပာင္းမ်ိဳးစိတ္သစ္မ်ား မေတြ႕ရွိရေသးသလို က်န္းမာေရးစနစ္အေပၚ လႊမ္းမိုးထိခိုက္မႈ မရွိေၾကာင္း အတည္ျပဳထားပါတယ္။

​အမ်ားျပည္သူအေနနဲ႔ လိုအပ္ပါက ႏွာေခါင္းစည္း (Mask) တပ္ဆင္ဖို၊ တကိုယ္ေရ သန႔္ရွင္းေရး ဂ႐ုစိုက္ဖို၊ က်န္းမာေရးနဲ႔ ညီၫြတ္စြာ ေနထိုင္ဖိုနဲ႔ ၫႊန္ၾကားထားတဲ့ ကာကြယ္ေဆးေတြ ထိုးႏွံၾကဖို အႀကံျပဳထားပါတယ္။


တရုတ်နိုင်ငံမှာ ဇူလိုင်လအတွင်း ကိုဗစ်-19 ကူးစက်ခံရသူသစ် ၅၂၂,၀၀၀ ဦးရှိခဲ့
=========================
တရုတ်နိုင်ငံမှာ ဇူလိုင်လအတွင်း ကိုဗစ်-19 ကူးစက်ခံရသူသစ် ၅၂၂,၀၀၀ ဦး၊ ပြင်းထန်လူနာ ၄၈၇ ဦးနဲ့ သေဆုံးသူ ၁ ဦး ရှိခဲ့ပြီး ကူးစက်မှုနှုန်း အတက်အကျဖြစ်ရင်း မြင့်တက်နေတယ်လို အမျိုးသား ရောဂါထိန်းချုပ်ရေး အာဏာပိုင်အဖွဲက သတင်းထုတ်ပြန်ပါတယ်။

​အခုလို ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာတာဟာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ဖြစ်ပွားခဲ့ဖူးတဲ့ ရာသီအလိုက် ပုံမှန်ကူးစက်မှုလှိင်း တစ်ခုသာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကူးစက်မှုနှုန်း တက်တာ နှေးကွေးသွားပြီဖြစ်လို ရောဂါဖြစ်ပွားမှုရဲ့ အမြင့်ဆုံးအဆင့်(plateau phase) သို ရောက်ရှိနေပြီလို တရုတ် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန(Chinese CDC) က ဆိုပါတယ်။ စစ်ဆေးတွေ့ရှိရတဲ့ ဗိုင်းရပ်စ်အားလုံးဟာ အိုမီခရွန်(Omicron) ဗီဇပြောင်းအမျိုးအစားများဖြစ်ပြီး၊ အများစုမှာ NB.1.8.1 မျိုးစိတ်နဲ့ ယင်းရဲ့ မျိုးစိတ်ခွဲများ ဖြစ်ကြပါတယ်။

​ပေကျင်း ယိုအန် ဆေးရုံမှ အသက်ရှူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန် လီထုန်းဇိ (Li Tongzeng) ရဲ့ အဆိုအရ ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာရတဲ့ အဓိက အကြောင်းရင်းတွေကတော့
​- လူထု၏ ခုခံအား လျော့ကျလာခြင်း။
– ​ဗိုင်းရပ်စ်၏ အဆက်မပြတ် ဗီဇပြောင်းနေမှုကြောင့် ရှိပြီးသား ခုခံအား ပဋိပစ္စည်းများ၏ ကာကွယ်နိုင်စွမ်း နိမ့်ကျသွားခြင်း။
– တရုတ်နိုင်ငံနွေရာသီ ကျောင်းပိတ်ရက်အတွင်း ခရီးသွားလာမှုနှင့် လူထု သွားလာလှုပ်ရှားမှု များပြားလာခြင်း တိုကြောင့်ဖြစ်တယ်လို ဆိုပါတယ်။

​ဗိုင်းရပ်စ်ဟာ ဆက်လက် ဗီဇပြောင်းနေပေမဲ့ ပိုမိုပြင်းထန်လာတဲ့လက္ခဏာ မရှိသေးပါဘူး။ ကူးစက်ခံရသူ အများစုမှာ လက္ခဏာ ပေါ့ပါးပြီး အဆုတ်ရောင်ခြင်း သိုမဟုတ် ဆေးရုံတက်ရခြင်း အလွန်နည်းပါးပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေရဲ့ စာရင်း‌တွေအရ ကိုဗစ်-၁၉ ဟာ ခုခံအား လျော့ကျချိန်ဖြစ်တဲ့ ၆ လမှ ၈ လ လျှင် တစ်ကြိမ် ကူးစက်မှု ပြန်လည် မြင့်တက်လေ့ ရှိပါတယ်။

​တရုတ်နိုင်ငံမှာ ဇူလိုင်လအတွင်း ကိုဗစ်-19ကြောင့် သေဆုံးသူ ၁ ဦးသာ ရှိခဲ့ခြင်းက လက်ရှိ သေဆုံးမှုနှုန်း အလွန်နည်းပါးနေသေးကြောင်း ပြသနေပြီး၊ ဩဂုတ်လနှောင်းပိုင်းတွင် ကူးစက်မှုတွေ ပြန်လည်ကျဆင်းသွားမည်ဟု ခန့်မှန်းထားပါတယ်။ တရုတ် CDC အနေဖြင့်လည်း အများပြည်သူ ကျန်းမာရေးကို စိုးရိမ်ရလောက်တဲ့ ဗီဇပြောင်းမျိုးစိတ်သစ်များ မတွေ့ရှိရသေးသလို ကျန်းမာရေးစနစ်အပေါ် လွှမ်းမိုးထိခိုက်မှု မရှိကြောင်း အတည်ပြုထားပါတယ်။

​အများပြည်သူအနေနဲ့ လိုအပ်ပါက နှာခေါင်းစည်း (Mask) တပ်ဆင်ဖို၊ တကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ဖို၊ ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်ဖိုနဲ့ ညွှန်ကြားထားတဲ့ ကာကွယ်ဆေးတွေ ထိုးနှံကြဖို အကြံပြုထားပါတယ်။