အီရန္စစ္ပြဲအဆုံးသတ္ေရး MoU ပါ ေဒၚလာဘီလီယံ ၃၀၀ ျပန္လည္ထူေထာင္ေရးရန္ပုံ ေငြအေပၚ ေဝဖန္မႈျပင္းထန္၊ အေမရိကန္အခြန္ထမ္းေငြ မပါဝင္ေၾကာင္း ထရမ္ပ္ႏွင့္ ဗန႔္စ္ ျငင္းဆို

အီရန္စစ္ပြဲအဆုံးသတ္ေရး MoU ပါ ေဒၚလာဘီလီယံ ၃၀၀ ျပန္လည္ထူေထာင္ေရးရန္ပုံ ေငြအေပၚ ေဝဖန္မႈျပင္းထန္၊ အေမရိကန္အခြန္ထမ္းေငြ မပါဝင္ေၾကာင္း ထရမ္ပ္ႏွင့္ ဗန႔္စ္ ျငင္းဆို
==========================
ဇြန္ ၁၉

​​အေမရိကန္-အစၥေရး မဟာမိတ္အဖြဲ႕ႏွင့္ အီရန္ႏိုင္ငံတို႔အၾကား ျဖစ္ပြားခဲ့သည့္ စစ္ပြဲကို အဆုံးသတ္ရန္ ဗုဒၶဟူးေန႔က လက္မွတ္ေရးထိုးခဲ့သည့္ နားလည္မႈစာခြၽန္လႊာ (MoU) အတြင္း အီရန္ႏိုင္ငံ ျပန္လည္ထူေထာင္ေရးအတြက္ ေဒၚလာဘီလီယံ ၃၀၀ သုံးစြဲမည့္ ျပ႒ာန္းခ်က္တစ္ရပ္ ပါဝင္လာမႈေၾကာင့္ ဝါရွင္တန္ဒီစီတြင္ အာဏာရ ရီပတ္ဘလစ္ကန္ႏွင့္ အတိုက္အခံ ဒီမိုကရက္တို႔အၾကား ႏိုင္ငံေရးအရ အျပင္း အထန္ အေျခအတင္ အျငင္းပြားစရာ အခ်က္အခ်ာကိစၥရပ္တစ္ခု ျဖစ္လာခဲ့သည္။

အဆိုပါ MoU တြင္ အေမရိကန္အေနျဖင့္ အီရန္ႏိုင္ငံ၏ စီးပြားေရးႏွင့္ ျပန္လည္ထူေထာင္ေရးအတြက္ အနည္းဆုံး ေဒၚလာဘီလီယံ ၃၀၀ ရွိမည့္ စီမံကိန္းတစ္ရပ္ကို ေဒသတြင္းမိတ္ဖက္မ်ားႏွင့္အတူ ပူးေပါင္းေဖာ္ေဆာင္သြားမည္ဟု ေဖာ္ျပထားျခင္း ျဖစ္သည္။ ထိုကိစၥႏွင့္ပတ္သက္၍ လာမည့္ ႏိုဝင္ဘာ သက္ တမ္းဝက္ေ႐ြးေကာက္ပြဲအတြက္ စီးပြား ေရးလူထုအေျချပဳဝါဒ (Economic Populism) ကို အသုံးခ်ေနသည့္ ဒီမိုကရက္ပါတီဝင္မ်ားႏွင့္ ရီပတ္ဘလစ္ကန္ အမတ္အခ်ိဳ႕က ျပည္တြင္းစီးပြားေရး က်ပ္တည္းေနခ်ိန္တြင္ အီရန္ကို ေငြေၾကးေထာက္ပံ့ရန္ ႀကိဳးပမ္းမႈအျဖစ္ အျပင္းအထန္ ေဝဖန္တိုက္ခိုက္လာၾကသည္။

ေဝဖန္မႈမ်ား ျပင္းထန္လာၿပီးေနာက္ သမၼတ ေဒၚနယ္ထရမ္ပ္က ၎၏ Truth Social လူမႈကြန္ရက္တြင္ “အေမရိကန္က အီရန္ကို ေဒၚလာဘီလီယံ ၃၀၀ ေပးေခ်ရမယ္ဆိုတာ မရွိပါဘူး။ အဲဒါ ဒီမိုကရက္ေတြရဲ႕ ဝါဒျဖန႔္ သတင္းတု (Fake News) သာျဖစ္တယ္” ဟု ေရးသားကာ ပယ္ခ်ခဲ့သည္။

အလားတူ ဒုတိယသမၼတ ေဂ်ဒီ ဗန႔္စ္ (JD Vance) ကလည္း The New York Times ႏွင့္ အင္တာဗ်ဴးတြင္ “အေမရိကန္အခြန္ထမ္းေတြရဲ႕ ေငြ တစ္ဆင့္ (တစ္ျပား)မွ အီရန္ဆီ သြားမွာမဟုတ္ဘူး” ဟု အာမခံခဲ့သည္။ ဗန႔္စ္၏ အဆိုအရ ယခု ရန္ပုံေငြကို ေဒသတြင္းရွိ အာရပ္ႏိုင္ငံမ်ားႏွင့္ အီရန္တြင္ ရင္းႏွီးျမႇဳပ္ႏွံရန္ စိတ္ဝင္စားသည့္ ျပင္ပႏိုင္ငံမ်ားက စိုက္ထုတ္ေပးသြားမည္ျဖစ္ၿပီး၊ အီရန္အေနျဖင့္လည္း ရက္ေပါင္း ၆၀ ေဆြးေႏြးပြဲကာလအတြင္း ၎တို႔၏ အျပဳ အမူမ်ားကို အျပည့္အဝ ေျပာင္းလဲလိုက္နာမွသာ အဆိုပါ ရန္ပုံေငြမ်ားကို ရရွိႏိုင္မည္ဟု ဆိုသည္။

သို႔ေသာ္လည္း လက္ရွိအခ်ိန္အထိ မည္သည့္ႏိုင္ငံကမွ် အဆို ပါ ရန္ပုံေငြအတြက္ ေငြေၾကးစိုက္ထုတ္ေပးရန္ အတည္ျပဳထားျခင္း မရွိေသးေပ။

အျခားတစ္ဖက္တြင္ ဒီမိုကရက္ အထက္လႊတ္ေတာ္အမတ္ ေအမီ ကလိုဗူခ်ာ (Amy Klobuchar) က “ေဒၚလာဘီလီယံ ၃၀၀ ရွိရင္ ျပည္တြင္းက အိုးမဲ့အိမ္မဲ့ျပႆနာကို အဆုံးသတ္ႏိုင္သလို ကင္ဆာသုေတသနကို အႏွစ္ ၄၀ စာ ေထာက္ပံ့ႏိုင္တယ္။ ဒါေပမဲ့ ထရမ္ပ္က အီရန္ဆီ ပို႔ဖို႔လုပ္ေနတယ္” ဟု X တြင္ ေရး သားေဝဖန္ခဲ့သည္။

အထက္လႊတ္ေတာ္ ဒီမိုကရက္ေခါင္းေဆာင္ ခ်က္ ရႉးမား (Chuck Schumer) ကလည္း ဒီမိုကရက္မ်ားအေန ျဖင့္ ယင္းလုပ္ငန္းစဥ္ကို ကူညီမည္မဟုတ္ေၾကာင္း ျပတ္ျပတ္သားသား ေျပာၾကားခဲ့သည္။

ထို႔ျပင္ ရီပတ္ဘလစ္ကန္ပါတီမွ အီရန္အေရး တင္းမာသူ အထက္လႊတ္ေတာ္အမတ္ ေရာ္ဂ်ာ ဝစ္ကာ (Roger Wicker)ကလည္း ဤပမာဏသည္ ၂၀၁၅ ခုႏွစ္က သမၼတ အိုဘားမားအစိုး ရ ခ်ဳပ္ဆိုခဲ့သည့္ JCPOA သေဘာတူညီခ်က္ေအာက္တြင္ အီရန္ကို ေပးခဲ့သည့္ပမာဏထက္ မ်ားစြာ သာလြန္ေနသျဖင့္ အီရန္ကို အက်ိဳးအျမတ္ အဆမတန္ ရရွိေစလိမ့္မည္ဟု ေဝဖန္ခဲ့သည္။

ယခု အသစ္ခ်ဳပ္ဆိုခဲ့သည့္ အေမရိကန္-အီရန္ MoU တြင္ ျပန္လည္ထူေထာင္ေရး ရန္ပုံေငြအျပင္ အီရန္၏ ႐ုပ္ႂကြင္းေလာင္စာလုပ္ငန္းအေပၚ ခ်မွတ္ထားသည့္ ပိတ္ဆို႔မႈမ်ားကို ခ်က္ခ်င္း႐ုပ္သိမ္းရန္ႏွင့္ ေအးခဲထားသည့္ အီရန္ပိုင္ဆိုင္မႈ ဘီလီယံေပါင္းမ်ားစြာကို ျပန္လည္လႊတ္ေပးရန္အတြက္ ရက္ေပါင္း ၆၀ ၾကာ ေဆြးေႏြးပြဲမ်ား ဆက္လက္ျပဳလုပ္သြားရန္ ပါဝင္ေၾကာင္း သိရသည္။


အီရန်စစ်ပွဲအဆုံးသတ်ရေး MoU ပါ ဒေါ်လာဘီလီယံ ၃၀၀ ပြန်လည်ထူထောင်ရေးရန်ပုံ ငွေအပေါ် ဝေဖန်မှုပြင်းထန်၊ အမေရိကန်အခွန်ထမ်းငွေ မပါဝင်ကြောင်း ထရမ်ပ်နှင့် ဗန့်စ် ငြင်းဆို
==========================
ဇွန် ၁၉

​​အမေရိကန်-အစ္စရေး မဟာမိတ်အဖွဲ့နှင့် အီရန်နိုင်ငံတို့အကြား ဖြစ်ပွားခဲ့သည့် စစ်ပွဲကို အဆုံးသတ်ရန် ဗုဒ္ဓဟူးနေ့က လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ (MoU) အတွင်း အီရန်နိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာဘီလီယံ ၃၀၀ သုံးစွဲမည့် ပြဋ္ဌာန်းချက်တစ်ရပ် ပါဝင်လာမှုကြောင့် ဝါရှင်တန်ဒီစီတွင် အာဏာရ ရီပတ်ဘလစ်ကန်နှင့် အတိုက်အခံ ဒီမိုကရက်တို့အကြား နိုင်ငံရေးအရ အပြင်း အထန် အခြေအတင် အငြင်းပွားစရာ အချက်အချာကိစ္စရပ်တစ်ခု ဖြစ်လာခဲ့သည်။

အဆိုပါ MoU တွင် အမေရိကန်အနေဖြင့် အီရန်နိုင်ငံ၏ စီးပွားရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အနည်းဆုံး ဒေါ်လာဘီလီယံ ၃၀၀ ရှိမည့် စီမံကိန်းတစ်ရပ်ကို ဒေသတွင်းမိတ်ဖက်များနှင့်အတူ ပူးပေါင်းဖော်ဆောင်သွားမည်ဟု ဖော်ပြထားခြင်း ဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ လာမည့် နိုဝင်ဘာ သက် တမ်းဝက်ရွေးကောက်ပွဲအတွက် စီးပွား ရေးလူထုအခြေပြုဝါဒ (Economic Populism) ကို အသုံးချနေသည့် ဒီမိုကရက်ပါတီဝင်များနှင့် ရီပတ်ဘလစ်ကန် အမတ်အချို့က ပြည်တွင်းစီးပွားရေး ကျပ်တည်းနေချိန်တွင် အီရန်ကို ငွေကြေးထောက်ပံ့ရန် ကြိုးပမ်းမှုအဖြစ် အပြင်းအထန် ဝေဖန်တိုက်ခိုက်လာကြသည်။

ဝေဖန်မှုများ ပြင်းထန်လာပြီးနောက် သမ္မတ ဒေါ်နယ်ထရမ်ပ်က ၎င်း၏ Truth Social လူမှုကွန်ရက်တွင် “အမေရိကန်က အီရန်ကို ဒေါ်လာဘီလီယံ ၃၀၀ ပေးချေရမယ်ဆိုတာ မရှိပါဘူး။ အဲဒါ ဒီမိုကရက်တွေရဲ့ ဝါဒဖြန့် သတင်းတု (Fake News) သာဖြစ်တယ်” ဟု ရေးသားကာ ပယ်ချခဲ့သည်။

အလားတူ ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် (JD Vance) ကလည်း The New York Times နှင့် အင်တာဗျူးတွင် “အမေရိကန်အခွန်ထမ်းတွေရဲ့ ငွေ တစ်ဆင့် (တစ်ပြား)မှ အီရန်ဆီ သွားမှာမဟုတ်ဘူး” ဟု အာမခံခဲ့သည်။ ဗန့်စ်၏ အဆိုအရ ယခု ရန်ပုံငွေကို ဒေသတွင်းရှိ အာရပ်နိုင်ငံများနှင့် အီရန်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် ပြင်ပနိုင်ငံများက စိုက်ထုတ်ပေးသွားမည်ဖြစ်ပြီး၊ အီရန်အနေဖြင့်လည်း ရက်ပေါင်း ၆၀ ဆွေးနွေးပွဲကာလအတွင်း ၎င်းတို့၏ အပြု အမူများကို အပြည့်အဝ ပြောင်းလဲလိုက်နာမှသာ အဆိုပါ ရန်ပုံငွေများကို ရရှိနိုင်မည်ဟု ဆိုသည်။

သို့သော်လည်း လက်ရှိအချိန်အထိ မည်သည့်နိုင်ငံကမျှ အဆို ပါ ရန်ပုံငွေအတွက် ငွေကြေးစိုက်ထုတ်ပေးရန် အတည်ပြုထားခြင်း မရှိသေးပေ။

အခြားတစ်ဖက်တွင် ဒီမိုကရက် အထက်လွှတ်တော်အမတ် အေမီ ကလိုဗူချာ (Amy Klobuchar) က “ဒေါ်လာဘီလီယံ ၃၀၀ ရှိရင် ပြည်တွင်းက အိုးမဲ့အိမ်မဲ့ပြဿနာကို အဆုံးသတ်နိုင်သလို ကင်ဆာသုတေသနကို အနှစ် ၄၀ စာ ထောက်ပံ့နိုင်တယ်။ ဒါပေမဲ့ ထရမ်ပ်က အီရန်ဆီ ပို့ဖို့လုပ်နေတယ်” ဟု X တွင် ရေး သားဝေဖန်ခဲ့သည်။

အထက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် ချက် ရှူးမား (Chuck Schumer) ကလည်း ဒီမိုကရက်များအနေ ဖြင့် ယင်းလုပ်ငန်းစဉ်ကို ကူညီမည်မဟုတ်ကြောင်း ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။

ထို့ပြင် ရီပတ်ဘလစ်ကန်ပါတီမှ အီရန်အရေး တင်းမာသူ အထက်လွှတ်တော်အမတ် ရော်ဂျာ ဝစ်ကာ (Roger Wicker)ကလည်း ဤပမာဏသည် ၂၀၁၅ ခုနှစ်က သမ္မတ အိုဘားမားအစိုး ရ ချုပ်ဆိုခဲ့သည့် JCPOA သဘောတူညီချက်အောက်တွင် အီရန်ကို ပေးခဲ့သည့်ပမာဏထက် များစွာ သာလွန်နေသဖြင့် အီရန်ကို အကျိုးအမြတ် အဆမတန် ရရှိစေလိမ့်မည်ဟု ဝေဖန်ခဲ့သည်။

ယခု အသစ်ချုပ်ဆိုခဲ့သည့် အမေရိကန်-အီရန် MoU တွင် ပြန်လည်ထူထောင်ရေး ရန်ပုံငွေအပြင် အီရန်၏ ရုပ်ကြွင်းလောင်စာလုပ်ငန်းအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ချက်ချင်းရုပ်သိမ်းရန်နှင့် အေးခဲထားသည့် အီရန်ပိုင်ဆိုင်မှု ဘီလီယံပေါင်းများစွာကို ပြန်လည်လွှတ်ပေးရန်အတွက် ရက်ပေါင်း ၆၀ ကြာ ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်သွားရန် ပါဝင်ကြောင်း သိရသည်။