တောင်ကိုရီးယားက စာသင်ကျောင်းများတွင် မိုဘိုင်းဖုန်းများနှင့် ဒစ်ဂျစ်တယ်ပစ္စည်းများအသုံးပြုမှုကို တားမြစ်သည့်ဥပဒေပြဌာန်း

တောင်ကိုရီးယားက စာသင်ကျောင်းများတွင် မိုဘိုင်းဖုန်းများနှင့် ဒစ်ဂျစ်တယ်ပစ္စည်းများအသုံးပြုမှုကို တားမြစ်သည့်ဥပဒေပြဌာန်း

=====================

တောင်ကိုရီးယားနိုင်ငံတွင် စာသင်ကျောင်းများ၌ မိုဘိုင်းဖုန်းများနှင့် တက်ဘလက်များကဲ့သို့ smart devices များအသုံးပြုမှုကို တားမြစ်ထားသည့် ဥပဒေမူကြမ်းကို အတည်ပြုပြဌာန်းလိုက်ပါသည်။

ထို့ကြောင်း တောင်ကိုရီးယားသည် ကလေးများနှင့် ဆယ်ကျော်သက်များအကြား ဖုန်းအသုံးပြုမှုကို ကန့်သတ်သည့် နောက်ဆုံးနိုင်ငံဖြစ်လာခဲ့သည်။

ထိုဥပဒေသည် ၂၀၂၆ ခုနှစ် မတ်လတွင်စတင်မည့် စာသစ်နှစ်တွင် စတင်အကျုံးဝင်သက်ရောက်မည်ဖြစ်သည်။

စမတ်ဖုန်းများကို မသုံးရလျှင် မနေနိုင်အောင်ဖြစ်နေသည့် စွဲလမ်းမှုသည် လူသားများအပေါ် ဆိုးရွားစွာ သက်ရောက်နေသည့် သုတေသနအချက်အလက်များ ပိုမိုတွေ့ရှိလာခဲ့သဖြင့် ထိုကဲ့သို့ တားမြစ်ကန့်သတ်ခဲ့ခြင်းဖြစ်သည်။

လွှတ်တော်အမတ်များ၊ မိဘများနှင့် ဆရာများကလည်း စမတ်ဖုန်းအသုံးပြုမှုသည် ကျောင်းသားများ၏ ပညာရေးကို ထိခိုက်စေပြီး ကျောင်းသင်ခန်းစာများအတွက် လေ့လာချိန်များကို လျော့နည်းစေနိုင်ကြောင်း ပြောကြားခဲ့သည်။

ထိုဥပဒေမူကြမ်းကို ဩဂုတ် ၂၇ ရက် မွန်းလွဲပိုင်းတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဖင်လန်နှင့် ပြင်သစ်ကဲ့သို့ နိုင်ငံအချို့တွင် အသက်ငယ်ရွယ်သည့် ကလေးများကို ပညာသင်ကြားပေးနေသည့် ကျောင်းများတွင် စမတ်ဖုန်းအသုံးပြုမှုများကို တားမြစ်ပိတ်ပင်ထားပြီး အီတလီ၊ နယ်သာလန်နှင့် တရုတ်ကဲ့သို့ အချို့နိုင်ငံများတွင်မူ စာသင်ကျောင်းအားလုံး၌ ဖုန်းအသုံးပြုမှုကို တားမြစ်ကန့်သတ်ထားသည်။

_RefF: SCMP