==============================
ဇူလိုင် (၂၇) ရက်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းထွက်မည်
==============================
၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယခုလ (၂၇)ရက်၊ နံနက် (၆) နာရီတွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ငလျင်ဒဏ်သင့်ဒေသများ အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။
အဆိုပါ အောင်စာရင်းများကို သက်ဆိုင်ရာမြိုနယ်အသီးသီးတွင်ရှိသည့် စာစစ်ဌာနကျောင်းများ၌ တချိန်တည်း ကပ်ထားမည်ဖြစ်ပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ Website ၌လည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုပြင် ဝေးလံဒေသများတွင်ရှိသည့် စာစစ်ဌာနများနှင့် အင်တာနက် အဆက်အသွယ် ကောင်းစွာမရရှိသည့် စာစစ်ဌာနများ၏ အောင်စာရင်းကို မြန်မာ့အသံ ရေဒီယို အစီအစဉ်မှထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။