အန်ကောဝပ်ကာကွယ်ရေးစီမံကိန်းကြောင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရပ်တန့်သွားခဲ့သည့် ကမ္ဘောဒီးယားရွာသားများ

ချန်ဗီချက်အမည်ရှိအမျိုးသားသည် ကမ္ဘောဒီးယားစစ်သားများက ၎င်း၏အိမ်နီးချင်းနေအိမ်များကို ဖြိုချပြီး အကြွင်းအကျန်များကို ကုန်တင်ကားတစ်စီးပေါ်တင်နေသည့် ဆူညံနေသောအသံများကိုသတိမမူဘဲ အဖြူရောင် ပတ္တူစပေါ်တွင် ဟိန္ဒူနတ်ဘုရားရှီဗာ၏ရုပ်ပုံကိုဆွဲနေခဲ့သည်။

ဗီချက်သည် အန်ကောဝပ်ဘုရားကျောင်းဝန်း၏ အစွန်းအဖျား၌ ခုနစ်နှစ်ကြာ အလုပ်လုပ်ကိုင်ခဲ့ပြီး ရှေးဟောင်းအပျက်အစီးများနှင့် တောတောင်ပုံများကို ပန်းချီရေးဆွဲ ကာ ခရီးသွားများအား ရောင်းချခြင်း ဖြင့် အသက်မွေးဝမ်းကြောင်းပြု လျက်ရှိသည်။

လက်ရှိအချိန်တွင်မူ ကမ္ဘောဒီး ယားအစိုးရက ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာ၌ နေထိုင်သောမိသားစု ၁၀,၀၀၀ ကို ရှင်းထုတ်နေသောကြောင့် ၎င်း၏နေအိမ်နှင့်ပန်းချီပြခန်းကို ဖြိုဖျက်ကြလိမ့်မည်ဖြစ်ပြီး နှင်ထုတ်ခံရသည့် အခြေအနေနှင့်ရင်ဆိုင်ရသူအများအပြားသည် စိတ်မကောင်းဖြစ်လျက်ရှိကြသည်။

“ကျွန်တော်ပြန်လည်အခြေချ နေထိုင်တဲ့အစီအစဉ်အကြောင်းကြားတဲ့အချိန်ကတည်းက ကြက်သေသွားခဲ့ပါတယ်” ဟု ဗီချက်ကဆိုသည်။ “ကျွန်တော့်မိသားစုစားဝတ်နေရေးအတွက် ကျွန်တော်အလုပ် လုပ်နေရပေမယ့် ကျွန်တော့်ရဲ့ ဖန်တီးမှုအပေါ် အပြည့်အဝအာရုံမစိုက်နိုင်ပါဘူး”ဟု ၎င်းကဆိုသည်။

အာဏာပိုင်များကမူ ၎င်းတို့သည် အမှိုက်သရိုက်များစွန့်ပစ်ခြင်းနှင့် ရေအရင်းအမြစ်များ အလွန်အကျွံ အသုံးပြုခြင်းတို့ဖြင့် ဒေသတွင်း သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသော တရားမဝင်အခြေချနေထိုင်သူများကို ပြောင်းရွှေ့စေခြင်းဖြင့် ပျက်စီးမှုများကို ကာကွယ်နိုင်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်းပြော ကြားခဲ့သည်။

၎င်းတို့နေအိမ်ဖြိုချခံရသည်နှင့်တစ်ပြိုင်နက်ချန်ဗီချက်နှင့် ၎င်း၏မိသားစုသည် ၂၅ ကီလိုမီတာအကွာမှ လက်ရှိ ဆောက်လုပ်ဆဲလုပ်ငန်းခွင်တစ်ခုဖြစ်သည့် စပါးစိုက်ခင်းဟောင်းနေရာဖြစ်သော Run Ta Ek သို့ ပြောင်းရွှေ့မည် ဖြစ်သည်။ မိသားစုများအား မီတာ ၂၀ မှ ၃၀ မြေကွက်တစ်ကွက်၊ဒေါ်လာ ၃၅၀ ၊ သွပ်မိုးအကာအချပ် ၃ဝနှင့်  လူမှုဖူလုံရေးကဒ်များပေးခဲ့သော်လည်း ၎င်းတို့၏ကိုယ်ပိုင်အိမ်များကိုမူ ကိုယ်တိုင်ဆောက်လုပ်ရမည်ဖြစ်သည်။

ကပ်ရောဂါမတိုင်မီ နှစ်စဉ် ပြည်ပခရီးသွားနှစ်သန်းကျော်သည် သစ်တောတစ်ဝက်ခန့် ၀ါးမြိုနေသော အန်ကောဝပ်၏ပျက်စီးနေသော ဘုရားကျောင်းများကို လေ့လာရန်လာရောက်လည်ပတ်လေ့ရှိကြသည်။

ဆင်းရဲသောနိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားအတွက် ကိုးရာစုမှ၁၅ ရာစုအတွင်းခမာအင်ပါယာ၏ အကြွင်း အကျန်များကို ကြည့်ရှုရန်စိတ်အားထက်သန်နေသော ဧည့်သည် အများအပြားလာရောက်ခြင်းဖြင့် ဝင်ငွေများစွာ ရရှိသည်။ ခရီးသွားကုန်သွယ်မှုသည်စျေးရောင်းသူများ၊ အစားအစာနှင့်လက်ဆောင်ပစ္စည်းရောင်းချသူများနှင့် ငွေကြေးတောင်းရမ်းသူများ၏အသေးစားစီးပွားရေးကို ပေါက်ပွားလာစေခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် ဒေသတွင်းလူဦးရေသည် ၂၀,၀၀၀ မှ ၂၀၁၃ ခုနှစ်တွင် ၁၂၀,၀၀၀ အထိ မြင့်တက်ခဲ့သည်။

ယခုအခါ ဝန်ကြီးချုပ်ဟွန်ဆန်အစိုးရက အခြေချနေထိုင်သူများသည် အခြေခံအဆောက်အအုံနှင့် ၎င်းတို့လိုအပ်သော သန့် ရှင်းမှုမရှိဘဲ လက်ရှိအချိန်တွင် ကပ်ရောဂါခရီးသွားလာမှုကန့်သတ်ချက်များပြီးဆုံးခဲ့ပြီး ခရီးသွား အများအပြား ဝင်ရောက်လာနိုင်ခြေရှိမှုနှင့်အတူ လာမည့်လေးလအတွင်းအခြေချနေထိုင်သူများကို ရှင်းထုတ်ပစ်ရန် ရည်ရွယ်ထားသည်။

“သူတို့တွေက တရားမဝင်နေထိုင်ကြပေမယ့် အစိုးရကတော့သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းကို ထောက်ပံ့ပေးဖို့ အများကြီး လုပ်ပေးနေပါတယ်”ဟု ရှေးဟောင်းသုတေသနဥယျာဉ်ကိုစီမံသည့် Apsara အမျိုးသားအာဏာပိုင် အဖွဲ့ပြောရေးဆိုခွင့်ရှိသူ လောင်းကိုဆယ်ကပြောကြားခဲ့သည်။ “ဒီလိုနေရာမျိုးမှာပျံကျနေထိုင်သူများကို ခွင့်မပြုနိုင်ပါဘူး။ သန့်ရှင်းမှုကလည်း အရမ်းအားနည်းပါတယ်”ဟု ၎င်းကဆိုသည်။

ဘုရားကျောင်းအနီးရှိရာစုနှစ် များစွာတည်ရှိသော ကျေးရွာအချို့ကို အစိုးရက အသိအမှတ်ပြုထားပြီး မကြာသေးမီက တရားမဝင်အခြေချနေထိုင်သူများကိုသာ ပစ်မှတ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

ခရီးသွားများကို စျေးရောင်းချသည့် ၎င်းတို့၏အသက်မွေးဝမ်းကြောင်းလုပ်ငန်း အဆုံးသတ်မည့်အရေးနှင့် ရင်ဆိုင်နေရသောအခြားသူများကဲ့သို့ပင် ချန်ဗီချက်သည်လည်း ငွေကြေးရရှိမှုအခြေအနေ ပိုမိုဆိုးရွားလာနိုင်သည့် အပေါ် စိုးရိမ်နေသည်။

“ကျွန်တော်တို့မှာ အိမ်အသစ်တစ်လုံးတည်ဆောက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေဝယ်ဖို့ပိုက်ဆံမရှိပါဘူး။ ကျွန်တော်တို့က အင်အားမရှိပါဘူး။ ဘယ်လိုဆန့်ကျင်နိုင်မှာလဲ”ဟု အသက် ၅၁နှစ်အရွယ်ဗီချက်ကပြောကြားခဲ့သည်။ eleven