အီရန်တွင်ဖြစ်ပွားသည့် ဆန္ဒပြမှုများတွင် လုံခြုံရေးတပ်ဖွဲ့များ၏ ဖြိုခွင်းမှုကြောင့် လူပေါင်း ၃၂၆ ဦးထက်မနည်း သေဆုံးခဲ့
အီရန်တွင် မာဆာ အမ်မီနီအမည်ရှိ လူငယ်အမျိုးသမီးတစ်ဦး ဖမ်းဆီးခံထားရချိန်တွင် သေဆုံးခဲ့မှုနှင့်ပတ်သက်ပြီး နိုင်ငံတစ်ဝန်းတွင်ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများကို လုံခြုံရေးတပ်ဖွဲ့များက ဖြိုခွင်းခဲ့ရာတွင် သေဆုံးသူ ၃၂၆ ဦး ထက်မနည်းရှိခဲ့သည်ဟု အီရန် လူ့အခွင့်အရေးအဖွဲ့က နိုဝင်ဘာ ၁၂ ရက် တွင် အသက်ထုတ်ပြန်ခဲ့သည့် သေဆုံးသူ စာရင်းတွင် ပြောကြားခဲ့သည်။
အမ်မီနီသည် နိုင်ငံအတွင်းတင်းကျပ်စွာ ပြဋ္ဌာန်းထားသည့် အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုဆိုင်ရာ စည်းကမ်းများကို ချိုးဖောက်မှုကြောင့် ဖမ်းဆီးခံခဲ့ရပြီးနောက် သုံးရက်အကြာဖြစ်သည့် စက်တင်ဘာ ၁၆ ရက် တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ ၎င်း၏သေဆုံးမှုနှင့်ပတ်သက်ပြီး နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
အမျိုးသမီးများအတွက် ဝတ်စားဆင်ယင်မှုဆိုင်ရာ စည်းကမ်းများပြဋ္ဌာန်းထားမှုအပေါ် လူထုအကြား မကျေနပ်မှုများ မြင့်တက်ခဲ့မှုနှင့်အတူ ဆန္ဒပြမှုများမှာ ပိုမိုအရှိန် မြင့်ခဲ့သည်။
“နိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ဖြိုခွင်းခဲ့ပြီး ကလေးငယ် ၄၃ ဦး၊ အမျိုးသမီး ၂၅ ဦး အပါ အဝင် သေဆုံးသူ ၃၂၆ ဦးထက်မနည်းရှိခဲ့ပါ တယ်” ဟု အော်စလိုအခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ IHR က ၎င်း၏ ဝက်ဘ်ဆိုက်တွင် အစီရင်ခံစာ တင်ပြခဲ့သည်။
ယခုထုတ်ပြန်သည့် သေဆုံးသူစာရင်း သည် နိုဝင်ဘာ ၅ ရက်က ထုတ်ပြန်ခဲ့သည့် သေဆုံးသူ ၂၂ ဦးရှိခဲ့သည့်စာရင်းမှ မြင့်တက် လာခဲ့ခြင်းဖြစ်သည်။
ပါကစ္စတန်နှင့် နယ်စပ်ချင်းထိစပ်နေသည့် အီရန်အရှေ့တောင်ပိုင်းရှိ စစ္စတန်-ဘာ လူချီစတန်ပြည်နယ် တစ်ခုတည်းမှာပင် သေဆုံးသူ ၁၂၃ ဦးထက်မနည်းရှိခဲ့သည်ဟု စာရင်းတွင်ဖော်ပြခဲ့ပြီး ယင်းသည် IHR ၏ နောက်ဆုံး ထုတ်ပြန်ခဲ့သည့် သေဆုံးသူ ၁၁၈ ဦးစာရင်းမှ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
သေဆုံးသူအများစုမှာ စစ္စတန်-ဘာလူ ချီစတန်ပြည်နယ်ရှိ ဇာဟီဒန်မြို့တော်တွင် စက်တင်ဘာ ၃၀ ရက်က ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့များက ပစ်ခတ်နှိမ်နင်းမှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်ပြီး တက်ကြွလှုပ်ရှား သူများကမူ ယင်းဖြစ်ရပ်ကို “သွေးစွန်းသည့် သောကြာနေ့” အဖြစ် သုံးနှုန်းခဲ့ကြသည်။
စစ္စတန်-ဘာလူချီစတန်ပြန်နယ်၏ ချာဘာဒါဆိပ်ကမ်းမြို့တွင် ရဲတပ်ဖွဲ့အကြီး အကဲတစ်ဦးက ဖမ်းဆီးခံထားရသည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲမှုများပေါ်ထွက်လာမှုကြောင့် ယင်းဆန္ဒပြမှုများ ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။
အမ်မီနီ၏သေဆုံးမှုနှင့်ပတ်သက်ပြီး ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများကဲ့သို့ စစ္စတန်-ဘာလူချီစတန်ပြည်နယ်တွင်လည်း ယင်းပုံစံ အတိုင်း ဆန္ဒပြမှုများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးများ၏ အခွင့်အရေးများနှင့်ပတ်သက်သည့် ဆန္ဒပြမှုအရှိန်အဟုန်မှာ ပိုမို အားကောင်းလာခဲ့ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အီရန်တွင် ဆန္ဒပြမှုများကို ဖြိုခွင်းနေသည့် အခြေအနေများကို ရပ်တန့်ရန် အရေးတယူ လုပ်ဆောင်ကြရန် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ အကြီးအကဲ မာမွတ် အမ်မီရီ မိုဂါ ဒမ်က တိုက်တွန်းခဲ့သည်။ ထို့ပြင် အီရန်တွင် ဆန္ဒပြသူများသေဆုံးမှုနှင့်ပတ်သက်ပြီး သေဆုံးသူအရေအတွက် အတိအကျကို စုံစမ်းနေသည်ဟု လည်း IHR ကပြောကြားခဲ့သည်။