ICC မှ ဒုတိယနုတ်ထွက်သည့်နိုင်ငံမှာ ဖိလစ်ပိုင်နိုင်ငံဖြစ်လာ

ဖိလစ်ပိုင်နိုင်ငံသည် နိုင်ငံတကာရာဇဝတ်မှု ခုံရုံး (ICC) အဖွဲ့ဝင်နိုင်ငံအဖြစ်မှ နုတ်ထွက်လိုက်သည့် ဒုတိယမြောက် နိုင်ငံဖြစ်လာသည်။ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး၏ မူးယစ်တိုက်ဖျက်ရေး စစ်ဆင်ရေးကို ICC က စုံစမ်း စစ်ဆေးရန် လုပ်ဆောင်လာသောကြောင့် ယခုကဲ့သို့ နုတ်ထွက်လိုက်ခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ် သမ္မတ ဒူတာတေး စတင်တာဝန်ယူပြီးနောက် ကျင့်သုံးခဲ့သော မူးယစ်တိုက်ဖျက်ရေး စစ်ဆင်ရေးတွင် ထောင်နှင့်ချီ သတ်ဖြတ်မှုများကို ICC က စုံစမ်းစစ်ဆေးနေသည်ဟု ကြေညာပြီးနောက် ဖိလစ်ပိုင်နိုင်ငံ သည် ICC မှ နုတ်ထွက်စာ တင်ခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံသည် ICC မှ နုတ်ထွက်သွားသော်လည်း မူးယစ်တိုက်ဖျက်ရေး စစ်ဆင်ရေးနှင့် ပတ်သက်ပြီး လူထောင်ချီသေဆုံးခဲ့သည့်ကိစ္စကို ICC က ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

စုံစမ်းစစ်ဆေးမှုအပေါ် အခြေခံပြီး ဖိလစ်ပိုင်သမ္မတ ဒူတာတေးကို အရေးယူ နိုင်ခြေရှိသည်ဟု ICC ရှေ့နေချုပ် ဖာတိုဘန်ဆိုဒါက မတ် ၁၈ ရက်က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ပြောကြားလိုက်သည်။
ဖိလစ်ပိုင်နိုင်ငံသို့ ICC  ရှေ့နေချုပ် ဖာတိုဘန်ဆိုဒါ လာရောက်ခဲ့ပါက ဖမ်းဆီးမည်ဟု သမ္မတဒူတာတေးက ခြိမ်းခြောက်ထားကြောင်း သိရသည်။ မတ် ၁၇ ရက်က ဖိလစ်ပိုင်နိုင်ငံ သည် ICC မှ တရားဝင်နုတ်ထွက်ခွင့် ရရှိခဲ့ကြောင်း သိရသည်။ ICC သည် သည်ဟိတ် အခြေစိုက် နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးတစ်ခုဖြစ်ကာ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်သည့် ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု၊ ရန်စကျူးကျော်မှု စသည်တို့ကို စုံစမ်းစစ်ဆေး တရားစီရင်နိုင်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

သို့သော်လည်း အာဖရိကနိုင်ငံ အချို့က ICC သည် အနောက် နိုင်ငံများအပေါ် ဘက်လိုက်သည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။ အာဖရိကနိုင်ငံတစ်နိုင်ငံ ဖြစ်သော ဘူရွန်ဒီနိုင်ငံသည် ၂၀၁၇ ခုနှစ်တွင် ICC မှ နုတ်ထွက်ခဲ့သည့် ပထမဆုံးနိုင်ငံ ဖြစ်သည်။ 

(ကြေးမုံ)