ပစိဖိတ် သမုဒ္ဒရာတွင် လေယာဉ်တင်သင်္ဘော သုံးစီး စုပေါင်း၍ စစ်ရေးလေ့ကျင့်မည်ဟု အမေရိကန်ရေတပ် ကြေညာ
ပစိဖိတ် သမုဒ္ဒရာထဲတွင် လေယာဉ်တင် သင်္ဘောကြီးသုံးစီး စုပေါင်းပြီး စစ်ရေးလေ့ကျင့်မှု ပြုလုပ်သွားမည်ဟု အမေရိကန် ရေတပ်က အတည်ပြု ကြေညာခဲ့သည်။ ဂျပန်တွင် အခြေစိုက် သည့် USS Roanld Reagan၊ ဆန်ဒီယေးဂိုးတွင် အခြေစိုက်သည့် USS Theodore Rooseveltနှင့် ဝါရှင်တန်တွင် အခြေစိုက်သည့် USS Nimitzတို့သည် တူညီသော လမ်းကြောင်း၊ တူညီသော အရပ်ဒေသတို့တွင် ခုတ်မောင်းကာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဟု ရေတပ်က ထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယား၏ ဒုံးကျည်အန္တရာယ် ခြိမ်းခြောက်မှု မြင့်တက်လာချိန်နှင့် အရှေ့အာရှ ဒေသသို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အလည်အပတ်ခရီး ရောက်ရှိနေချိန်နှင့် တိုက်ဆိုင်စွာ ရေတပ်က ယခုလို လုပ်ဆောင်လာခြင်း ဖြစ်သည်။ အမေရိကန်၏ လေယာဉ်တင် သင်္ဘောကြီး တစ်စီးစီတွင် အခြံအရံ တိုက်သင်္ဘောအုပ်စုများ လိုက်ပါ စောင့်ရှောက်လေ့ရှိပြီး အလွန် အစွမ်းထက်သည့် တိုက်ခိုက်ရေး ရေယာဉ် အုပ်များအဖြစ် စုဖွဲ့ထားသည်။
ထို့ကြောင့်လေယာဉ်တင် သင်္ဘောကြီး သုံးစီးထိ စုပေါင်းပြီး ပစိဖိတ် သမုဒ္ဒရာနှင့် ဂျပန်ပင်လယ်တို့တွင် စစ်ရေး လေ့ကျင့်မှုသည် မြောက်ကိုရီးယားအပေါ် ကြီးကြီးမားမား ခြိမ်းခြောက်လာသည့် အင်အားပြမှု တစ်ခု အဖြစ် လည်း မှတ်ယူနိုင်သည်။ လေယာဉ်တင် သင်္ဘောကြီး သုံးစီးသည် ကိုရီးယား ရေလက်ကြားအလွန် ဂျပန် ပင်လယ်ပြင်တွင် ယခုသီတင်းပတ်ကုန်၌ စတင်ပေါင်းစည်းမိမည်ဟု ယုံကြည်ရသည်။ “ရေတပ်ရဲ့ လေယာဉ် တင် သင်္ဘောနှစ်စီး ပူးပေါင်း လေ့ကျင့်တယ် ဆိုတာက ရှားပါး အခြေအနေပါ။ သုံးစီးပေါင်းသွားတယ် ဆိုတာကတော့ မကြုံစဖူးလို့တောင် ပြောလို့ရတယ်”ဟု အမေရိကန်၏ ပစိဖိတ် ရေတပ်ဖွဲ့ကြီးမှ ဦးစီးမှူးဖြစ်သူ သေနာပတိ စကော့ဆွစ်ဖ်က မှတ်ချက်ပေးခဲ့သည်။
လေ့ကျင့်သည့် အစီအစဉ်များတွင် လေကြောင်းကာကွယ်ရေး၊ ပင်လယ်ပြင် ထောက်လှမ်းရေး၊ ပင်လယ်ပြင် တွင် လက်နက်နှင့် ရိက္ခာ ဖြည့်တင်းရေး၊ လေယာဉ်များ၏ စွမ်းရည် မြှင့်တင်ရေး၊ အနီးကပ် ချဉ်းကပ် ခုတ်မောင်း ချီတက်ရေး အစရှိသည့် ကဏ္ဍများ ပါဝင်မည် ဖြစ်သည်။
အမေရိကန် ရေတပ်တွင် လေယာဉ်တင်သင်္ဘော သုံးစီး ပူးပေါင်းပြီး လေ့ကျင့်မှုသည် ဆယ်နှစ်အတွင်း ပထမဆုံး အကြိမ်လည်း ဖြစ်လာသည်။ ၂၀၀၇ ခုနှစ်ကမူ ဂူအမ်ကမ်းလွန်တွင် Valiant Shield စစ်ရေး လေ့ကျင့်မှုအဖြစ် ယင်းကဲ့သို့ လေယာဉ်တင် သင်္ဘောကြီး သုံးစီး ပူးပေါင်းခဲ့ဖူးကြောင်း သိရှိရသည်။
Ref: Fox