မြောက်ကိုရီးယားတွင် နျူကလီယားအလုပ်ရုံမြေအောက်ဥမင် ပြိုကျမှု သေဆုံးသူ ၂၀၀ အထိရှိနိုင်

မြောက်ကိုရီးယားမှာ နျူကလီးယားလုပ်ငန်းခွင်တစ်ခုအတွင်း မြေအောက်ဥမင်လှိုဏ်ခေါင်း ပြိုကျတဲ့အတွက် လူပေါင်း ၂၀၀ ကျော်လောက် သေဆုံးနိုင်တယ်လို့ သိရပါတယ်။

ဂျပန်သတင်းတစ်ရပ်အဆိုအရ ပြိုကျသွားတဲ့ ဥမင်ဟာ ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ လုပ်နေတဲ့ ဥမင်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက နျူကလီယား လုပ်ငန်းခွင်အတွင်း ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ဆိုးဟာ အောက်တိုဘာ ၁၀ ရက်နေ့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အစပိုင်းမှာ လူတစ်ရာလောက်ဟာ ဥမင်အတွင်း ပိတ်မိနေခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေစဉ် အချိန်မှာပဲ ဥမင်ပြိုကျမှု ဆက်လက်ဖြစ်ပွားခဲ့လို့ သေဆုံးသူ ဦးရေဟာ ၂၀၀ လောက် ဖြစ်လာခဲ့တာလို့ သိရပါတယ်။ ဒါပေမယ့် ဥမင်ပြိုကျတဲ့နေရာကို သတင်းတွေမှာ ထည့်သွင်းဖော်ပြထားခြင်း မရှိသေးပါဘူး။

စက်တင်ဘာ သုံးရက်နေ့မှာ မြောက်ကိုရီးယားက နျူကလီယားလက်နက် ခြောက်ကြိမ်မြောက် စမ်းသပ် ပစ်လွှတ်ခြင်းကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သိပ်မကြာခင်မှာပဲ နျူကလီယားအလုပ်ရုံအတွင်း အခုလို ဖြစ်ရပ်ဆိုး ဖြစ်ပွားခဲ့တာပါ။

(Duwun)