ကုလလုံခြုံရေးကောင်စီက ရခိုင်အရေးဆွေးနွေးရန် ကိုဖီအာနန်ကို ဖိတ်ကြားထား
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာကိုဖီအာနန်အား ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ပြင်သစ်နိုင်ငံက ဖိတ်ကြားထား ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေ စိုက် Daily Star သတင်းဌာနက ဖော်ပြသည်။
ပြင်သစ်သည် လာမည့် အောက်တိုဘာတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဥက္ကဋ္ဌရာထူး ရယူမည်ဖြစ်ပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာကိုဖီအာနန်အား လာမည့် သီတင်းပတ်အတွင်း တွေ့ဆုံ ရန် ဖိတ်ကြားခြင်းဖြစ်သည်။
အဆိုပါဖိတ်ကြားမှုကို မစ္စတာ ကိုဖီအာနန်က မူအားဖြင့်သဘောတူထားပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေး မည်ဟု ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီးက ပြောကြားသည်ဟု ဗီအိုအေမြန်မာပိုင်း သတင်းဌာနက စက်တင်ဘာ ၂၇ ရက် တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အ ကြံပေးကော်မရှင်ကို ပြည်တွင်း ပညာရှင်ခြောက်ဦး၊ ပြည်ပပညာ ရှင်သုံးဦး စုစုပေါင်း ကိုးဦးဖြင့် ၂၀၁၆ စက်တင်ဘာတွင် ဖွဲ့စည်းခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌအဖြစ် ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီ အာနန်က တာဝန်ယူခဲ့သည်။
ကော်မရှင်စတင်ဖွဲ့စည်းချိန် ကစ၍ တစ်နှစ်အတွင်း စစ်တွေ၊ မြောက်ဦး၊ မြေပုံ၊ ကျောက်တော်၊ သံတွဲ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊မောင်တော၊ ဘူးသီးတောင်၊ ရန်ကုန်နှင့် နေပြည်တော် အပါအ၀င် ဘန်ကောက်၊ ဒါကာ၊ ကော့ဘဇားနှင့် ဂျီနီဗာမြို့များသို့ သွားရောက်ကာ တွေ့ဆုံဆွေးနွေးပွဲ ၁၅၅ ကြိမ် ပြုလုပ်ခဲ့သည်ဟု အစီရင်ခံစာ ၌ ဖော်ပြသည်။
ကော်မရှင်သည် ရခိုင်အရေးတွင် ပါဝင်ဆောင်ရွက်နေသည့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများမှ ကိုယ်စား လှယ်ဦးရေ တစ်ထောင့်တစ်ရာဖြင့် တွေ့ ဆုံခဲ့သည်ဟုဆိုသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသ အကြမ်းဖက်ခံရမှုဖြစ်စဉ်သည် အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ ထွက်ရှိပြီး နာရီပိုင်းအကြာတွင် အချိန်ကိုက်ဖြစ်ပွားခဲ့သည်။
သို့ရာတွင် ဒေါက်တာကိုဖီ အာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက် များကို အမေရိကန်၊ တရုတ်၊ ရုရှား စသည့်နိုင်ငံများ အပါအ၀င် နိုင်ငံအများစုက ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်ကြေညာထားသည်။
ယနေ့ (စက်တင်ဘာ ၂၈ ရက်) တွင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာအန်တိုနီယိုဂူတာရက်စ်၏ ရခိုင်ပြဿနာနှင့်ပတ်သက်သော ရှင်းလင်းတင်ပြမှုကို ကြားနာမည်ဟု သံတမန် များက ပြောကြားကြောင်း Daily Star က ဖော်ပြသည်။
မြန်မာအာဏာပိုင်များကို ဖိအားပေးရေး လုံခြုံရေးကောင်စီက ညီညီညွတ်ညွတ်နှင့် အားကောင်းကောင်း တုံ့ပြန်ရေး တွန်းအားပေးနေသည်ဟု ပြင်သစ်သံအမတ်ကြီး ဖရန်ကိုဆွာဒီလက်ထရီက ပြောကြားကြောင်း အေအက်ဖ်ပီ သတင်းဌာနကလည်း ရေးသားသည်။
(7days)