မန်ယူအသင်း (၅)ပွဲဆက်အနိုင်ရမှ ဆံပင်ညှပ်မယ့် မန်ယူပရိသတ်တစ်ဦး

မန်ယူအသင်း (၅)ပွဲဆက်အနိုင်ရမှ ဆံပင်ညှပ်မယ့် မန်ယူပရိသတ်တစ်ဦး

======================

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက မန်ယူအသင်း (၅)ပွဲဆက်အနိုင်ရမှ ဆံပင်ညှပ်မယ်လို့ ထူးခြားတဲ့ စိန်ခေါ်မှုပြုလုပ်ခဲ့တဲ့ မန်ယူပရိသတ် ဖရန့်ခ်အီလက်ရဲ့စိန်ခေါ်မှုဟာ တစ်နှစ်ပြည့်သွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

ဖရန့်ခ်အီလက်ဟာ သူ့ရဲ့ဆံပင်ကို ၂၀၂၄ အောက်တိုဘာ(၅)ရက်မှာ နောက်ဆုံးညှပ်ခဲ့ပြီးတဲ့နောက် အောက်တိုဘာ(၆)ရက်မှာ ယှဉ်ပြိုင်ခဲ့တဲ့ အက်စတွန်ဗီလာ ၀-၀ မန်ယူပွဲအပြီးမှာ သူ့ရဲ့ စိန်ခေါ်မှုကို စတင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

တစ်နှစ်တာကာလအတွင်း မန်ယူအသင်းအနေနဲ့ ပြိုင်ပွဲစုံပွဲပေါင်း(၆၀)ကျော် ကစားခဲ့ရသလို၊ နည်းပြအပြောင်းအလဲလည်း ဖြစ်ပေါ်ခဲ့ပေမဲ့ (၅)ပွဲဆက်အနိုင်ရခြင်းမရှိခဲ့တာကြောင့် ဖရန့်ခ်အီလက် ဆံပင်ညှပ်ခွင့်မရခဲ့တာဖြစ်ပါတယ်။

စတင်စိန်ခေါ်ချိန်က အင်္ဂလန်နိုင်ငံမှာ နေထိုင်ခဲ့တဲ့ ဖရန့်ခ်အီလက်ဟာ လက်ရှိမှာ စပိန်ကိုရောက်ရှိနေပြီး ဒီနှစ်မကုန်ခင်မှာတော့ ဆံပင်ညှပ်ခွင့်ရလိမ့်မယ်လို့ မျှော်လင့်ကြောင်းနဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ မန်ယူကစားသမားတစ်ယောက်က ညှပ်ပေးမယ်ဆိုရင် ပိုပြီးပြည့်စုံသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီရာသီမှာတော့ မန်ယူအသင်းဟာ (၂)ပွဲဆက်တောင် အနိုင်မရဖူးသေးကြောင်း သိရပါတယ်။