၂၁ ရာစု ပင်လုံ အကြို ပြင်ဆင်ရေး ကော်မတီနှင့် UNFC တို့ သီးသန့် ထပ်မံ တွေ့ဆုံမည်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံညီလာခံ ကျင်းပမည့်ရက်မတိုင်မီ ညီလာခံအကြိုပြင်ဆင်ရေး ကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ သီးသန့်ထပ်မံ တွေ့ဆုံ သွားမည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။
UNFC မှ ဖွဲ့စည်းထားသည့် ခူဦးရယ် ဦးဆောင်သော နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် သီးသန့် တွေ့ဆုံမည့် နေ့ရက်ကို ၂၁ ရာစု ပင်လုံညီလာခံမစတင်မီ သြဂုတ်လ ၂ဝ ရက် ဝန်းကျင် ခန့်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ညီလာခံ အကြို ပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောကြားသည်။
၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး ဆက်လက် ညှိနှိုင်းမည့် အချက်များ ကျန်ရှိနေသေးပြီး အားလုံး ပါဝင်မည့် နည်းလမ်းများကို ဆက်လက် ရှာဖွေသွားမည် ဖြစ်ကြောင်း ဦးလှမောင်ရွှေက ရှင်းပြသည်။
“NCA မှာ လက်မှတ် မထိုးထားပေမယ့် သူတို့ရဲ့ သဘောထားတွေ ပြောနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ရေး ကော်မတီနဲ့ အကြို တွေ့ဆုံရေးတွေ လုပ်သွားမှာပါ”ဟု ၎င်းက ဆိုသည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်မထိုးထားသည့် လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားပြီး လက်ရှိတွင် လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ကို ကိုယ်စားပြု ဆွေးနွေးနေကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံညီလာခံကို လာမည့် သြဂုတ်လ ၃၁ ရက်နေ့တွင် စတင် ကျင်းပမည်ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။
#The Voice