႐ုပ္ရွင္မင္းသား ဗီေဂ်း၏ပါတီ တမီးလ္နာဒူျပည္နယ္ ေ႐ြးေကာက္ပြဲတြင္ အင္အားအေကာင္းဆုံးပါတီျဖစ္လာ

႐ုပ္ရွင္မင္းသား ဗီေဂ်း၏ပါတီ တမီးလ္နာဒူျပည္နယ္ ေ႐ြးေကာက္ပြဲတြင္ အင္အားအေကာင္းဆုံးပါတီျဖစ္လာ
======================================
တမီးလ္နာဒူျပည္နယ္၏ လက္ရွိေ႐ြးေကာက္ပြဲ မဲေရတြက္မႈရလဒ္မ်ားအရ ႐ုပ္ရွင္မင္းသား ဗီေဂ်း၏ TVK ပါတီသည္ အမတ္ေနရာအမ်ားဆုံးရရွိသည့္ပါတီအျဖစ္ ေရွ႕ေျပးျဖစ္ေနၿပီး နယ္ေျမအေတာ္မ်ားမ်ားတြင္ DMK ႏွင့္ AIADMK ပါတီႀကီးႏွစ္ခုလုံးကို သိသိသာသာ ဖိအားေပးထားႏိုင္ေၾကာင္း ေတြ႕ရသည္။

ေ႐ြးေကာက္ပြဲေကာ္မရွင္၏ ေနာက္ဆုံးထုတ္ျပန္ခ်က္အရ TVK ပါတီသည္ အမတ္ေနရာ ၉၆ ေနရာတြင္ အႏိုင္ရရွိထားၿပီး ေနာက္ထပ္ ၁၁ ေနရာတြင္လည္း မဲအသာျဖင့္ ဦးေဆာင္ေနေၾကာင္း သိရသည္။

TVK ပါတီ၏ ေျခစြမ္းျပႏိုင္မႈက အံ့မခန္းျဖစ္ေနသျဖင့္ အိႏၵိယဝန္ႀကီးခ်ဳပ္ နာရင္ဒရာမိုဒီကိုယ္တိုင္ ဗီေဂ်း၏ ပါတီကို ဂုဏ္ျပဳစကားဆိုခဲ့သည္။

မင္းသားဘဝမွ ႏိုင္ငံေရးေလာကထဲသို႔ ေျခစုံပစ္ဝင္လာသူ စီ ဂ်ိဳးဇက္ ဗီေဂ်းႏွင့္ ၎၏ TVK ပါတီတို႔သည္ မည္သည့္ပါတီႏွင့္မွ မဟာမိတ္မဖြဲ႕ဘဲ လႊတ္ေတာ္မဲဆႏၵနယ္ ၂၃၄ ခုလုံးတြင္ တစ္ကိုယ္ေတာ္ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ဆုံးျဖတ္ခဲ့သည္။ ယခုႏွစ္ ျပည္နယ္လႊတ္ေတာ္ေ႐ြးေကာက္ပြဲသည္ TVK ၊ DMK ႏွင့္ ဝန္ႀကီးခ်ဳပ္မိုဒီ၏ BJP ပါတီတို႔ၾကား သုံးပြင့္ဆိုင္ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ရသည့္ တိုက္ပြဲတစ္ခုျဖစ္သည္။

TVK ႏွင့္ BJP ပါတီတို႔ မဟာမိတ္ဖြဲ႕မည္ဆိုသည့္ ေကာလာဟလမ်ား ထြက္လာေသာ္လည္း BJP ႏွင့္ လုံးဝပူးေပါင္းမည္မဟုတ္ေၾကာင္း TVK ဘက္က အခိုင္အမာ ျငင္းဆိုထားသည္။

ထို႔ျပင္ ပါတီတစ္ခုက ဗီေဂ်းကို ျပည္နယ္ဝန္ႀကီးခ်ဳပ္ ရာထူးအျပင္ လႊတ္ေတာ္အမတ္ေနရာ ၅၀ ရာခိုင္ႏႈန္းေပးမည္ဟု ကမ္းလွမ္းထားၿပီး ဗီေဂ်းက ထိုကမ္းလွမ္းမႈကို လက္မခံေၾကာင္း TVK အတြင္းေရးမႉးခ်ဳပ္က ေျပာသည္။

အသက္ ၅၁ ႏွစ္အ႐ြယ္ ဗီေဂ်းသည္ တမီးလ္႐ုပ္ရွင္နယ္ပယ္၏ ထိပ္တန္းမင္းသားတစ္လက္ျဖစ္ၿပီး ၂၀၂၄ ခုႏွစ္တြင္ ႏိုင္ငံေရးပါတီ ထူေထာင္လိုက္သည္။ ၿပီးခဲ့သည့္ႏွစ္ စက္တင္ဘာ ၂၇ ရက္က တမီးလ္နာဒူျပည္နယ္တြင္ ဗီေဂ်း၏ မဲဆြယ္စည္း႐ုံးပြဲအတြင္း လူတိုးႀကိတ္မႈမ်ားျဖစ္ကာ လူ ၄၀ ေသဆုံးခဲ့သည့္အတြက္ စီနီယာပါတီအဖြဲ႕ဝင္သုံးဦး ဖမ္းဆီးခံခဲ့ရသည္။

#Eleven _Ref: Hindustan Times


ရုပ်ရှင်မင်းသား ဗီဂျေး၏ပါတီ တမီးလ်နာဒူပြည်နယ် ရွေးကောက်ပွဲတွင် အင်အားအကောင်းဆုံးပါတီဖြစ်လာ
======================================
တမီးလ်နာဒူပြည်နယ်၏ လက်ရှိရွေးကောက်ပွဲ မဲရေတွက်မှုရလဒ်များအရ ရုပ်ရှင်မင်းသား ဗီဂျေး၏ TVK ပါတီသည် အမတ်နေရာအများဆုံးရရှိသည့်ပါတီအဖြစ် ရှေ့ပြေးဖြစ်နေပြီး နယ်မြေအတော်များများတွင် DMK နှင့် AIADMK ပါတီကြီးနှစ်ခုလုံးကို သိသိသာသာ ဖိအားပေးထားနိုင်ကြောင်း တွေ့ရသည်။

ရွေးကောက်ပွဲကော်မရှင်၏ နောက်ဆုံးထုတ်ပြန်ချက်အရ TVK ပါတီသည် အမတ်နေရာ ၉၆ နေရာတွင် အနိုင်ရရှိထားပြီး နောက်ထပ် ၁၁ နေရာတွင်လည်း မဲအသာဖြင့် ဦးဆောင်နေကြောင်း သိရသည်။

TVK ပါတီ၏ ခြေစွမ်းပြနိုင်မှုက အံ့မခန်းဖြစ်နေသဖြင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီကိုယ်တိုင် ဗီဂျေး၏ ပါတီကို ဂုဏ်ပြုစကားဆိုခဲ့သည်။

မင်းသားဘဝမှ နိုင်ငံရေးလောကထဲသို့ ခြေစုံပစ်ဝင်လာသူ စီ ဂျိုးဇက် ဗီဂျေးနှင့် ၎င်း၏ TVK ပါတီတို့သည် မည်သည့်ပါတီနှင့်မှ မဟာမိတ်မဖွဲ့ဘဲ လွှတ်တော်မဲဆန္ဒနယ် ၂၃၄ ခုလုံးတွင် တစ်ကိုယ်တော် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့သည်။ ယခုနှစ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲသည် TVK ၊ DMK နှင့် ဝန်ကြီးချုပ်မိုဒီ၏ BJP ပါတီတို့ကြား သုံးပွင့်ဆိုင် အကြိတ်အနယ် ယှဉ်ပြိုင်ရသည့် တိုက်ပွဲတစ်ခုဖြစ်သည်။

TVK နှင့် BJP ပါတီတို့ မဟာမိတ်ဖွဲ့မည်ဆိုသည့် ကောလာဟလများ ထွက်လာသော်လည်း BJP နှင့် လုံးဝပူးပေါင်းမည်မဟုတ်ကြောင်း TVK ဘက်က အခိုင်အမာ ငြင်းဆိုထားသည်။

ထို့ပြင် ပါတီတစ်ခုက ဗီဂျေးကို ပြည်နယ်ဝန်ကြီးချုပ် ရာထူးအပြင် လွှတ်တော်အမတ်နေရာ ၅၀ ရာခိုင်နှုန်းပေးမည်ဟု ကမ်းလှမ်းထားပြီး ဗီဂျေးက ထိုကမ်းလှမ်းမှုကို လက်မခံကြောင်း TVK အတွင်းရေးမှူးချုပ်က ပြောသည်။

အသက် ၅၁ နှစ်အရွယ် ဗီဂျေးသည် တမီးလ်ရုပ်ရှင်နယ်ပယ်၏ ထိပ်တန်းမင်းသားတစ်လက်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် နိုင်ငံရေးပါတီ ထူထောင်လိုက်သည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၂၇ ရက်က တမီးလ်နာဒူပြည်နယ်တွင် ဗီဂျေး၏ မဲဆွယ်စည်းရုံးပွဲအတွင်း လူတိုးကြိတ်မှုများဖြစ်ကာ လူ ၄၀ သေဆုံးခဲ့သည့်အတွက် စီနီယာပါတီအဖွဲ့ဝင်သုံးဦး ဖမ်းဆီးခံခဲ့ရသည်။

#Eleven _Ref: Hindustan Times