အာဖဂန္နစၥတန္ရွိေဆး႐ုံကို ပါကစၥတန္ေလတပ္က တိုက္ခိုက္မႈ ေသဆုံးသူအေယာက္ ၄၀၀ အထိရွိလာ

အာဖဂန္နစၥတန္ရွိေဆး႐ုံကို ပါကစၥတန္ေလတပ္က တိုက္ခိုက္မႈ ေသဆုံးသူအေယာက္ ၄၀၀ အထိရွိလာ
===================
အာဖဂန္နစၥတန္ႏိုင္ငံ ကဘူးၿမိဳ႕ရွိ ေဆး႐ုံတစ္႐ုံကို ပါကစၥတန္ေလတပ္က တိုက္ခိုက္ရာ လူ ၄၀၀ ထက္မနည္း ေသဆုံးေၾကာင္းအာဖဂန္တာဝန္ရွိသူတစ္ဦးက မတ္လ ၁၇ရက္တြင္ေျပာသည္။ ပါကစၥတန္ေလတပ္သည္ မတ္လ ၁၆ ရက္ ည ၉ နာရီဝန္းက်င္တြင္ ကဘူးၿမိဳ႕ရွိ အိုမစ္မူးယစ္ေဆးျဖတ္ကုသေရးေဆး႐ုံကို ေလေၾကာင္းမွ တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ဒဏ္ရာရရွိသူ ၂၅၀ ခန႔္ ရွိေၾကာင္း အာဖဂန္အစိုးရ ဒုတိယေျပာေရးဆိုခြင့္ရွိသူ ဟမ္ဒူလာဖီထရတ္က လူမႈကြန္ရက္မွတစ္ဆင့္ ထုတ္ျပန္သည္။
ပါကစၥတန္၏တိုက္ခိုက္မႈေၾကာင့္ အဆိုပါခုတင္ ၂၀၀၀ ဆံ့ေဆး႐ုံမွာ အႀကီးအက်ယ္ ပ်က္စီးသြားၿပီး ေသဆုံးသူအေရအတြက္ ထပ္တိုးလာႏိုင္ေၾကာင္း ၎က သတိေပးထားသည္။ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ေဆး႐ုံတြင္ မီးေလာင္ကြၽမ္းမႈမ်ားျဖစ္ပြားသျဖင့္ ကယ္ဆယ္ေရးအဖြဲ႕မ်ားက မီးျငႇိမ္းသတ္ျခင္းႏွင့္ ႐ုပ္အေလာင္းမ်ားရွာေဖြျခင္းတို႔ကို ေဆာင္႐ြက္ေနသည္။
သို႔ေသာ္ ပါကစၥတန္အစိုးရက အာဖဂန္အစိုးရ၏ ေျပာဆိုခ်က္ကို ျငင္းဆိုထားၿပီး နည္းပညာပစၥည္း သိုေလွာင္႐ုံႏွင့္ လက္နက္တိုက္မ်ားကဲ့သို႔ စစ္ဘက္ဆိုင္ရာအေဆာက္အအုံႏွင့္ အၾကမ္းဖက္သမားမ်ား၏ အေျခခံအေဆာက္အဦမ်ားကိုသာ ပစ္မွတ္ထား တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာသည္။ ၿပီးခဲ့သည့္လကုန္ပိုင္းမွစ၍ ႏွစ္ႏိုင္ငံနယ္စပ္တြင္ တိုက္ပြဲမ်ားျဖစ္ပြားၿပီးေနာက္ အာဖဂန္နစၥတန္ႏွင့္ ပါကစၥတန္တို႔အၾကား တင္းမာမႈမ်ားျမင့္တက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
အာဖဂန်နစ္စတန်ရှိဆေးရုံကို ပါကစ္စတန်လေတပ်က တိုက်ခိုက်မှု သေဆုံးသူအယောက် ၄၀၀ အထိရှိလာ
===================
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့ရှိ ဆေးရုံတစ်ရုံကို ပါကစ္စတန်လေတပ်က တိုက်ခိုက်ရာ လူ ၄၀၀ ထက်မနည်း သေဆုံးကြောင်းအာဖဂန်တာဝန်ရှိသူတစ်ဦးက မတ်လ ၁၇ရက်တွင်ပြောသည်။ ပါကစ္စတန်လေတပ်သည် မတ်လ ၁၆ ရက် ည ၉ နာရီဝန်းကျင်တွင် ကဘူးမြို့ရှိ အိုမစ်မူးယစ်ဆေးဖြတ်ကုသရေးဆေးရုံကို လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူ ၂၅၀ ခန့် ရှိကြောင်း အာဖဂန်အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဟမ်ဒူလာဖီထရတ်က လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်သည်။
ပါကစ္စတန်၏တိုက်ခိုက်မှုကြောင့် အဆိုပါခုတင် ၂၀၀၀ ဆံ့ဆေးရုံမှာ အကြီးအကျယ် ပျက်စီးသွားပြီး သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်ကြောင်း ၎င်းက သတိပေးထားသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံတွင် မီးလောင်ကျွမ်းမှုများဖြစ်ပွားသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက မီးငြှိမ်းသတ်ခြင်းနှင့် ရုပ်အလောင်းများရှာဖွေခြင်းတို့ကို ဆောင်ရွက်နေသည်။
သို့သော် ပါကစ္စတန်အစိုးရက အာဖဂန်အစိုးရ၏ ပြောဆိုချက်ကို ငြင်းဆိုထားပြီး နည်းပညာပစ္စည်း သိုလှောင်ရုံနှင့် လက်နက်တိုက်များကဲ့သို့ စစ်ဘက်ဆိုင်ရာအဆောက်အအုံနှင့် အကြမ်းဖက်သမားများ၏ အခြေခံအဆောက်အဦများကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ ပြီးခဲ့သည့်လကုန်ပိုင်းမှစ၍ နှစ်နိုင်ငံနယ်စပ်တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့အကြား တင်းမာမှုများမြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။




