ဗီယက္နမ္ မွာ Starlink ၿဂိဳလ္တု အင္တာနက္ သုံးႏိုင္ၿပီ

ဗီယက္နမ္ မွာ Starlink ၿဂိဳလ္တု အင္တာနက္ သုံးႏိုင္ၿပီ
ဗီယက္နမ္ႏိုင္ငံမွာေတာ့ အီလြန္မတ္စ္ရဲ႕ SpaceX ကုမၸဏီကေန Starlink ၿဂိဳဟ္တုအင္တာနက္ ဝန္ေဆာင္မႈ စတင္ဖို႔ တရားဝင္ မီးစိမ္းျပလိုက္ပါၿပီ။ ၿပီးခဲ့တဲ့ႏွစ္ကတည္းက စမ္းသပ္လုပ္ကိုင္ခြင့္ ရထားတဲ့ Starlink ဟာ အခုဆိုရင္ ဆက္သြယ္ေရးလိုင္စင္ေတြ၊ ေရဒီယိုႀကိမ္ႏႈန္း သုံးစြဲခြင့္နဲ႔ ဆက္စပ္ပစၥည္းေတြ တပ္ဆင္ခြင့္ကိုပါ အျပည့္အဝ ရရွိသြားတာ ျဖစ္ပါတယ္။
အဲဒီခြင့္ျပဳခ်က္ေတြ ရသြားတဲ့အတြက္ Starlink အေနနဲ႔ ဗီယက္နမ္ေျမေပၚမွာ အၿမဲတမ္း အေျခစိုက္ အေဆာက္အအုံေတြ တည္ေဆာက္ႏိုင္ေတာ့မွာပါ။ စတင္ျဖန႔္ၾကက္မယ့္ ကနဦးကာလမွာတင္ ေျမျပင္ ဂိတ္ေဝးစခန္း ၄ ခု တည္ေဆာက္ခြင့္နဲ႔ သုံးစြဲသူ ၆ သိန္းအထိကို အင္တာနက္ ဝန္ေဆာင္မႈ ေပးခြင့္ ရထားပါတယ္။
အခုလို ဝင္ေရာက္လာတဲ့အတြက္ ဗီယက္နမ္ဟာ ဖိလစ္ပိုင္၊ အင္ဒိုနီးရွား၊ မေလးရွား၊ အေရွ႕တီေမာနဲ႔ စင္ကာပူတို႔ ၿပီးရင္ အေရွ႕ေတာင္အာရွမွာ Starlink ရႏိုင္မယ့္ ၆ ႏိုင္ငံေျမာက္ ေဈးကြက္ ျဖစ္လာပါၿပီ။ ဒီၿဂိဳဟ္တုအင္တာနက္ဟာ ေဝးလံေခါင္ဖ်ားတဲ့ ေတာင္ေပၚေဒသေတြအထိ လႊမ္းၿခဳံႏိုင္မယ့္အျပင္ သဘာဝေဘးအႏၲရာယ္ေတြ ႀကဳံရခ်ိန္မွာလည္း အေရးအႀကီးဆုံး အရန္ဆက္သြယ္ေရးလမ္းေၾကာင္း ျဖစ္လာမယ္လို႔ တာဝန္ရွိသူေတြက ယုံၾကည္ေနၾကပါတယ္။
တကယ္ေတာ့ SpaceX နဲ႔ ဗီယက္နမ္အစိုးရတို႔ဟာ ၂၀၂၃ ခုႏွစ္ကတည္းက စတင္ေဆြးေႏြးခဲ့ၾကတာပါ။ ႏိုင္ငံျခားသား ပိုင္ဆိုင္မႈ စည္းမ်ဥ္းေတြေၾကာင့္ အနည္းငယ္ ၾကန႔္ၾကာခဲ့ေပမယ့္ ၿပီးခဲ့တဲ့ႏွစ္ မတ္လမွာေတာ့ စမ္းသပ္ခြင့္ ရခဲ့ပါတယ္။ တရားဝင္ စတင္မယ့္ရက္ကို မေၾကညာေသးေပမယ့္ မၾကာခင္မွာပဲ ဗီယက္နမ္ ျပည္သူေတြ Starlink ကို အျပည့္အဝ သုံးႏိုင္ေတာ့မွာ ျဖစ္ပါတယ္။
#DigitalTimes Ref : diplomat
ဗီယက်နမ် မှာ Starlink ဂြိုလ်တု အင်တာနက် သုံးနိုင်ပြီ
ဗီယက်နမ်နိုင်ငံမှာတော့ အီလွန်မတ်စ်ရဲ့ SpaceX ကုမ္ပဏီကနေ Starlink ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှု စတင်ဖို့ တရားဝင် မီးစိမ်းပြလိုက်ပါပြီ။ ပြီးခဲ့တဲ့နှစ်ကတည်းက စမ်းသပ်လုပ်ကိုင်ခွင့် ရထားတဲ့ Starlink ဟာ အခုဆိုရင် ဆက်သွယ်ရေးလိုင်စင်တွေ၊ ရေဒီယိုကြိမ်နှုန်း သုံးစွဲခွင့်နဲ့ ဆက်စပ်ပစ္စည်းတွေ တပ်ဆင်ခွင့်ကိုပါ အပြည့်အဝ ရရှိသွားတာ ဖြစ်ပါတယ်။
အဲဒီခွင့်ပြုချက်တွေ ရသွားတဲ့အတွက် Starlink အနေနဲ့ ဗီယက်နမ်မြေပေါ်မှာ အမြဲတမ်း အခြေစိုက် အဆောက်အအုံတွေ တည်ဆောက်နိုင်တော့မှာပါ။ စတင်ဖြန့်ကြက်မယ့် ကနဦးကာလမှာတင် မြေပြင် ဂိတ်ဝေးစခန်း ၄ ခု တည်ဆောက်ခွင့်နဲ့ သုံးစွဲသူ ၆ သိန်းအထိကို အင်တာနက် ဝန်ဆောင်မှု ပေးခွင့် ရထားပါတယ်။
အခုလို ဝင်ရောက်လာတဲ့အတွက် ဗီယက်နမ်ဟာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ အရှေ့တီမောနဲ့ စင်ကာပူတို့ ပြီးရင် အရှေ့တောင်အာရှမှာ Starlink ရနိုင်မယ့် ၆ နိုင်ငံမြောက် ဈေးကွက် ဖြစ်လာပါပြီ။ ဒီဂြိုဟ်တုအင်တာနက်ဟာ ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ဒေသတွေအထိ လွှမ်းခြုံနိုင်မယ့်အပြင် သဘာဝဘေးအန္တရာယ်တွေ ကြုံရချိန်မှာလည်း အရေးအကြီးဆုံး အရန်ဆက်သွယ်ရေးလမ်းကြောင်း ဖြစ်လာမယ်လို့ တာဝန်ရှိသူတွေက ယုံကြည်နေကြပါတယ်။
တကယ်တော့ SpaceX နဲ့ ဗီယက်နမ်အစိုးရတို့ဟာ ၂၀၂၃ ခုနှစ်ကတည်းက စတင်ဆွေးနွေးခဲ့ကြတာပါ။ နိုင်ငံခြားသား ပိုင်ဆိုင်မှု စည်းမျဉ်းတွေကြောင့် အနည်းငယ် ကြန့်ကြာခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ် မတ်လမှာတော့ စမ်းသပ်ခွင့် ရခဲ့ပါတယ်။ တရားဝင် စတင်မယ့်ရက်ကို မကြေညာသေးပေမယ့် မကြာခင်မှာပဲ ဗီယက်နမ် ပြည်သူတွေ Starlink ကို အပြည့်အဝ သုံးနိုင်တော့မှာ ဖြစ်ပါတယ်။
#DigitalTimes Ref : diplomat




