၂၀၂၅ ခုနှစ် ရွေးကောက်ပွဲအလွန်တွင် နိုင်ငံရေးကို မလိုသူများ၏ အသုံးချမှုမဖြစ်အောင် ဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသောင်းအေး ပြော



၂၀၂၅ ခုနှစ် ရွေးကောက်ပွဲအလွန်တွင် နိုင်ငံရေးကို မလိုသူများ၏ အသုံးချမှုမဖြစ်အောင် ဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသောင်းအေး ပြော
================
၂၀၂၅ ခုနှစ် ရွေးကောက်ပွဲအလွန်၌ နိုင်ငံရေးသည် မလိုသူများ၏ အသုံးချမှုမဖြစ်အောင် ပါတီနိုင်ငံ ရေးထက် အမျိုးသားနိုင်ငံရေးကို ဦးတည်သွားရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က ပြောကြားသည်။
ယနေ့(ဒီဇင်ဘာ ၂၅ ရက်)နံနက်ပိုင်းက ပျော်ဘွယ်မြို့နယ်တွင် ပြုလုပ်သည့် မဲဆန္ဒရှင်ပြည်သူများနှင့် ပျော်ဘွယ်မြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ တွေ့ဆုံပွဲတွင် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
လာမယ့် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲအလွန်မှာ နိုင်ငံရေးဟာ မလိုသူတွေရဲ့ အသုံးချမှုအဖြစ် မဖြစ်ရအောင်၊ ပါတီနိုင်ငံရေးထက် အမျိုးသားနိုင်ငံရေးကို ဦးတည်ပြီး သွားရအောင် ကျွန်တော်တို့ ကြိုးစားသွားပါမယ် ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က ပြောကြားသည်။
ဆန္ဒမဲပေး ရွေးချယ်သည့်နေရာတွင် သေသေချာချာတွေးပြီး သေသေချာချာရွေးရန် လိုကြောင်း၊ မြန်မာ့နိုင်ငံရေးသည် ၂၀၂၅ ခုနှစ် တိုင်ခဲ့ပြီဖြစ်သော်လည်း ချောချောမောမော အေးအေးချမ်းချမ်း ပြည့်ပြည့်ဝဝ အောင်အောင်မြင်မြင်ရှိရန် အခက်အခဲများနှင့်ကြုံခဲ့ရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က ပြောကြားသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က နိုင်ငံရေးသမားကောင်းမှ တိုင်းပြည်ကောင်းမယ်လို့ ကျွန်တော်တို့ပါတီက ဒီလို ခံယူပါတယ်။ ဒီနိုင်ငံရေးသမားကောင်းတွေနဲ့ လွှတ်တော်ထဲမှာ ဥပဒေပြုရေးကဏ္ဍကို ပြည်သူတွေ အတွက် မှန်မှန်ကန်ကန် ပြည့်ပြည့်ဝဝ ပြင်ဆင် ဖြည့်စွက် ပြဋ္ဌာန်း ဒါတွေလုပ်ရပါမယ်။ အစိုးရအဖွဲ့အစည်းမှာလည်းပဲ ကဏ္ဍအသီးသီး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်တော်တို့ အုပ်ချုပ်ရေးကို ပီပီပြင်ပြင် သန့်ရှင်းစွာ အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ် ဟု ပြောကြားသည်။
အထက်ပါကဲ့သို့ လုပ်နိုင်ရန်အတွက် ကိုယ်စားလှယ်ကောင်းများ ရှိရန်လိုပြီး ယင်းကိုယ်စားလှယ် ကောင်းများသည် အတွေ့အကြုံ၊ အသိဉာဏ်ပညာ မြင့်မားရန် လိုကြောင်း၊ ကိုယ်စားလှယ် တစ်ဦးချင်း၏ နောက်တွင်လည်း အင်အားတောင့်တင်းသည့် အဖွဲ့အစည်းရှိရန် လိုပြီး ကိုယ်စားလှယ် တစ်ဦးချင်းသည်လည်း မွန်မြတ်သည့်စိတ်ထားနှင့် မိမိဒေသအကျိုး၊ တိုင်းပြည်အကျိုးနှင့် အမျိုးဘာသာ သာသနာအကျိုးကို ဦးလည်မသုန် ထမ်းရွက်မည့်ပုဂ္ဂိုလ်များဖြစ်ရန် လိုပါကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ဦးသောင်းအေး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးမောင်မောင်မြင့်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဦးအောင်နိုင်ညွန့် တို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။




