ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ အင်ပင်ခုံကျေးရွာမှ ပြည်သူများနှင့်တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ အင်ပင်ခုံကျေးရွာမှ ပြည်သူများနှင့်တွေ့ဆုံ
===============================
အောက်တိုဘာ ၁၉၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၁၉-၁၀-၂၀၂၅ ရက်နေ့ နေ့လည်ပိုင်းတွင် ပြည်ထောင်စုနယ်မြေပါတီ ဥက္ကဋ္ဌ ဦးလှဆွေနှင့်အတူ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာအုပ်စု၊ အင်ပင်ခုံကျေးရွာမှ ရွာသူရွာသားများအား သွားရောက်တွေ့ဆုံခဲ့ပါသည်။

အင်ပင်ခုံကျေးရွာ ရွာသူရွာသားများနှင့်တွေ့ဆုံရာတွင် ပါတီဥက္ကဋ္ဌမှ မကြာမီကျင်းပပြုလုပ်တော့မည့် ရွေးကောက်ပွဲသည် နိုင်ငံသူနိုင်ငံသားအားလုံးအတွက် အရေးကြီးကြောင်း၊ မဲပေးနိုင်ရန် မဲစာရင်းတွင်ပါဝင်ရမည်ဖြစ်၍ မဲစာရင်းများအား သွားရောက်ကြည့်ရှုရန်လိုကြောင်း၊ မိမိတို့နှစ်သက်ရာအဖွဲ့အစည်းကို ရွေးချယ်ခွင့်ရှိကြောင်း၊ နိုင်ငံနှင့် နိုင်ငံသားများအကျိုးရှိအောင် ဆောင်ရွက်ပေးမည့်ပုဂ္ဂိုလ်များကို သေချာရွေးချယ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ပါတီဥက္ကဋ္ဌနှင့်အဖွဲ့သည် ရွာသူရွာသားများအား ဘုရားဆင်းတုတော်များအား ကုသိုလ်ဒါနပြု လှူဒါန်းပေးခဲ့ကြပါသည်။