မြန်မာ-ထိုင်းနယ်စပ် နယ်နိမိတ်မသတ်မှတ်ရသေးသောနေရာရှိ သဘာဝသစ်တောကို ယူနက်စကိုစာရင်းဝင်ရန် ထိုင်းကြိုးပမ်းနေမှု မြန်မာအစိုးရကန့်ကွက်

နယ်နိမိတ်မသတ်မှတ်ရသေးသောနေရာကို ထိုင်းအစိုးရက ၎င်းတို့ထိန်းသိမ်းထားသည့် သဘာဝတောအဖြစ် ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ရန် ကြိုးပမ်းမှုကို မြန်မာနိုင်ငံက ယူနက်စကိုအစည်းအဝေးတွင် ကန့်ကွက်ခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီးတို့ ထိစပ်နေသောနေရာကို ကန့်ကရာချန်သဘာဝသစ်တောအဖြစ် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ထိုင်း ကကြိုးပမ်းနေသဖြင့် မြန်မာနိုင်ငံက ယူနက်စကိုဘုတ်အဖွဲ့ သို့ ကန့်ကွက်ကြောင်း အဆိုတင်သွင်းခဲ့သည်။

‘‘ပြဿနာက အဲဒီနေရာက ထိုင်း-မြန်မာနယ်နိမိတ်အဖြစ် မသတ်မှတ်ရသေးတဲ့ နေရာဖြစ်နေတယ်။ အဲဒါကို ကန့်ကွက်ဖို့ သစ်တောက ယူနက်စကို အစည်းအဝေး တက်ရောက်ခဲ့တယ်’’ ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးတင် ဆွေက ပြောသည်။

သဘာဝသစ်တောဖြစ်ပြီး ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝသည်မှာ မှန်ကန်သော်လည်း နှစ်နိုင်ငံ နယ်နိမိတ်ချင်း ထိစပ်နေ ကာ သဘာဝတောအတွင်း ကျင်လည် ကျက်စား နေသည့် တောရိုင်းတိရစ္ဆာန်များလည်း ရှိသဖြင့် ထိုင်းနိုင်ငံက ၎င်းတို့ ပိုင်ဆိုင်သည့် သဘာဝတောအဖြစ် လုပ်ဆောင်နေခြင်းသည် မှားယွင်းကြောင်း မြန်မာဘက်က အဆို တင်သွင်းခဲ့သည်။

ထိုင်းနိုင်ငံ ကန့်ကရာချန်ဟု အမည်ပေးထားသည့် သဘာဝသစ်တောသည် တနင်္သာရီတိုင်းဒေသကြီးနှင့် ထိစပ် နေကာ ဟက်တာပေါင်း လေးသိန်းကျော်ကျယ်ဝန်းပြီး ထိုင်းနိုင်ငံအနောက်ပိုင်းရှိ ခရိုင်ကြီး သုံးခုနှင့်လည်း ထိစပ် နေသည်။

ထိုင်းနိုင်ငံဘက်မှ ကမ္ဘာ့အမွေအနှစ်စာရင်းသို့ တင်သွင်းရခြင်းမှာ ကန့်ကရာချန် သဘာဝတောတွင် ၎င်းတို့ နိုင်ငံ အတွက် အရေးကြီးသည့် မြစ်ကြီးလေးစင်းရှိပြီး သဘာဝထိန်းသိမ်းနယ်မြေတစ်ခုနှင့် အမျိုးသားဥယျာဉ်နှစ်ခု ရှိနေသည်။ ယင်းသစ်တောအတွင်း အမျိုးသားဥယျာဉ်အသစ်တစ်ခု တည်ထောင်ရန်လည်း ထိုင်းအစိုးရက လျာထားသည်။

ကန့်ကရာချန်သဘာဝတောနှင့် အမျိုးသားဥယျာဉ်သုံးခုလည်း ထိစပ်နေသည်ဟု ထိုင်းအစိုးရကဆိုသည်။ အမြဲစိမ်း သစ်တော၊ မိုးသစ်တောများကို တွေ့ရှိရသည့် အင်ဒို-မလေးယန်း ဂေဟဒေသလည်းဖြစ်သည်။ ထိုင်းနိုင်ငံက တင်သွင်းထားသည့် အစီရင်ခံစာတွင် အဆိုပါသစ်တောသည် ရာသီဥတုပြောင်းလဲခြင်းကို ထိန်းညှိရာ၌ အရေး ပါသော သစ်တောဖြစ်ပြီး ရာသီဥတုမျှတမှုကိုလည်း ဖြစ်စေလိမ့်မည်ဟု ဖော်ပြထားသည်။ တူရကီနိုင်ငံ အစ္စတန် ဘူလ်မြို့တွင် အကြိမ် (၄၀) မြောက် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်ကော်မတီ အစည်းအဝေးကို ဇူလိုင် ၉ ရက်မှ ၂၀ ရက်အထိ ကျင်းပမည် ဖြစ်သည်။


Leave a Reply