အပူပိုင်းမုန်တိုင်း ကဂျိကိ ဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းသို့ဝင်ရောက်ပြီးနောက် လာအိုနိုင်ငံသို့ ဆက်လက် ဦးတည်

အပူပိုင်းမုန်တိုင်း ကဂျိကိ ဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းသို့ဝင်ရောက်ပြီးနောက် လာအိုနိုင်ငံသို့ ဆက်လက် ဦးတည်

====================

အပူပိုင်းမုန်တိုင်း ကဂျိကိသည် ဩဂုတ်လ ၂၅ ရက်နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းရှိ အလယ်ပိုင်း ကမ်းရိုးတန်းဒေသ ကုန်းတွင်းပိုင်းသို့ဝင်ရောက်တိုက်ခတ်ကြောင်း၊ ထိုမုန်တိုင်း၏ အရှိန်ကြောင့် သစ်ပင်များလဲကျခြင်း နှင့်နေအိမ်များ ရေလွှမ်းမိုးခံရခြင်းတို့ဖြစ်ပွားကြောင်း သိရသည်။

ထိုမုန်တိုင်းသည် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်စဉ် လေတိုက်နှုန်းတစ်နာရီလျှင် ၁၀၃ မိုင်နှုန်းမှ ၈၃ မိုင်နှုန်းအထိကျဆင်းသွားကြောင်း၊ သို့သော် ပင်လယ်ပြင်၌ ဖြစ်ပေါ် နေသော လှိုင်းလုံးများသည် အမြင့် ၂ မီတာအထိရှိကာ ကမ်းနားရှိလမ်းများအားလုံးကို ဖုံးလွှမ်းသွားကြောင်း ဗီယက်နမ် မိုးလေဝသဌာနနှင့် ဒေသတွင်းနေထိုင်သူများက ပြောသည်။

ထို့ပြင် ဩဂုတ်လ ၂၅ ရက်မွန်းလွဲပိုင်းမှ ၂၆ ရက် ညပိုင်း အထိ မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းမှုသည် မိုးရေချိန် ၅၀၀ မီလီမီတာအထိရောက်ရှိနိုင်ကြောင်း မိုးလေဝသဌာန က သတိပေးထားသည်။

တစ်ချိန်တည်းမှာပင် မုန်တိုင်းစဲသွားပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် စစ်သည် ၁၆,၅၀၀ ကျော်အပြင် အခြားကယ်ဆယ်ရေးအဖွဲ့ဝင် တစ်သိန်းကျော်ကို အသင့်ပြင်ဆင်ထား ရှိကြောင်း အစိုးရ တာဝန်ရှိသူများက ပြောသည်။

ထိုအင်အားပြင်းမုန်တိုင်းသည် ဗီယက်နမ်နိုင်ငံကိုဖြတ်ကျော်ပြီးပါက လာအိုနိုင်ငံသို့ ဆက်လက်ဦးတည် တိုက်ခတ်လာမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် အသင့်ပြင်ဆင်ထားရန် လာအို တာဝန်ရှိသူများ က တိုက်တွန်းထားသည်။

မုန်တိုင်း၏အရှိန်ကြောင့် ဩဂုတ်လ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်း၌ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးကြိုးမုန်တိုင်းဖြစ်ပေါ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပွားမည်ဖြစ်ကြောင်း မိုးလေဝသဌာန က သတိပေးထားသည်။

အဆိုပါ ကဂျိကိမုန်တိုင်းသည် ယခုနှစ်အတွင်း လာအိုနိုင်ငံအတွက် ၁၃ လုံး မြောက် မုန်တိုင်းဖြစ်ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားသည်ဟု South China Morning Post သတင်းဌာန ဖော်ပြချက်အရ သိရသည်။