နောက်နှစ်မှာ မောင်းသူမဲ့ လျှပ်စစ် တက္ကစီတွေ ပြေးဆွဲမယ့် ဒူဘိုင်း
ဒူဘိုင်းဟာ ထူးထူးခြားခြားတွေ လုပ်ပြတဲ့ နိုင်ငံ အဖြစ် ကမ္ဘာမှာ နာမည်ကြီးပါတယ်။ အခုလည်း နောက်နှစ်မှာ ပြည်သူတွေနဲ့ နိုင်ငံတကာ ခရီးသွားတွေအတွက် မောင်းသူမဲ့ တက္ကစီတွေကို ဝန်ဆောင်မှု ပေးမှာ ဖြစ်ပြီး လျှပ်စစ်ကားတွေ ဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသလို အသံဆူညံမှု နည်းပါးပါတယ်။ တက္ကစီ ကုမ္ပဏီတွေအတွက်လည်း လျှပ်စစ်ကားတွေဟာ ကုန်ကျစားရိတ် သက်သာစေမှာ ဖြစ်ပြီး ဝန်ဆောင်မှု ပိုကောင်းစေမှာ ဖြစ်ပါတယ်။
အားသွင်းနှုန်းမြန်တဲ့ လျှပ်စစ်ကားတွေကို အသုံးပြုထားမှာ ဖြစ်ပြီး လောင်စာဆီ ကုန်ကျစားရိတ် မရှိတော့ပါဘူး။ ဒူဘိုင်း တက္ကစီ ကုမ္ပဏီရဲ့ စီအီးအို Rahma Alfalasi က “ မောင်းသူမဲ့ လျှပ်စစ် တက္ကစီတွေကြောင့် လုပ်ငန်းပိုမို အားကောင်းလာမှာ ဖြစ်ပါတယ်။ ပိုမိုကောင်းတဲ့ ဝန်ဆောင်မှုတွေကို ခရီးသည်တွေ ရရှိမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။
ကမ္ဘာအဝန်းမှာ သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးစေတဲ့ လောင်စာဆီတွေကို အသုံးပြုမှု လျှော့ချပြီး သန့်ရှင်းတဲ့ စွမ်းအင်ကို အသုံးပြုဖို့ ကြိုးစားနေကြပါတယ်။ အဲဒီအတွက် လျှပ်စစ်ကားတွေကို ပိုမို အသုံးပြုလာကြပါတယ်။ ဒူဘိုင်းဟာ မောင်းသူမဲ့ လျှပ်စစ် တက္ကစီတွေကို ကမ္ဘာမှာ အရင်ဆုံး သုံးတဲ့ နိုင်ငံ ဖြစ်လာမှာပါ။