ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း တက်ရောက်ရမည်

ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြမည့် MoU အလုပ်သမားများအနေဖြင့် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းကို တက်ရောက်ရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ သင်တန်းကို ဇူလိုင် (၄)ရက်မှ စတင်ကာ တစ်ရက်လျှင် (၄) ကြိမ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
MoU အလုပ်သမားများသည် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရာတွင် ဘာသာစကားအားနည်းခြင်း၊ အခြေခံဗဟုသုတ အားနည်းခြင်းနှင့်အတူ လုပ်ငန်းခွင်စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်မှု အားနည်းခြင်းတို့ကြောင့် မလိုလားအပ်သည့် အလုပ်သမားရေးရာ ပြဿနာများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် MoU အလုပ်သမားများအား ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့်အညီ ဆောင်ရန်/ ရှောင်ရန်များကို အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းအနေဖြင့် သင်ကြားပို့ချသွားမည်ဖြစ်သည်။
MOU စနစ်ဖြင့် ထိုင်းနိုင်ငံကို မြန်မာအလုပ်သမား စေလွှတ်သည့် အစီအစဉ်အား ၂၀၁၆ ခုနှစ် ဇွန်လတွင် စတင်ခဲ့ပြီး မြန်မာအလုပ်သမား ကိုးသိန်း တစ်သောင်းကျော်စေလွှတ်ခဲ့နိုင်ကြောင်း သိရသည်။
အဆိုပါ MOU လုပ်သားစေလွှတ်ခြင်းကို ၂၀၂၀ ၊မတ်လ ၁၈ ရက်တွင် ကိုဗစ်ကပ်ရောဂါကြောင့် ရပ်နားခဲ့ပြီး ၂၀ ၂၂ ခုနှစ် မေ ၁၀ ရက်တွင် ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ကာ တစ်လလျှင် မြန်မာလုပ်သား ရှစ်ထောင်ဝန်းကျင် ပို့ဆောင်နေကြောင်း သိရသည်။