ဘန်ကောက်မြို့က လေထုညစ်ညမ်းမှု အန္တရာယ်

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့မှာ လက်တလော ဖုံးလွှမ်းနေတဲ့ လေထု ညစ်ညမ်းမှု အန္တရာယ်ရှိတဲ့ အဆင့်တွေဟာ မလျော့ကျဘူးဆိုရင် ဘန်ကောက်မြို့မှာ နေထိုင်သူတွေဟာ အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ ညွှန်ကြားခံရနိုင်ပါတယ်။ ကလေးတွေနဲ့ ကိုယ်ဝန်သည် အမျိုးသမီးတွေကိုတော့ အိမ်ထဲမှာပဲ နေကြဖို့ ညွှန်ကြားထားပြီး အပြင် ထွက်ကြသူတိုင်း နှာခေါင်းစည်း တပ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

လေထုညစ်ညမ်းမှုကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်းနိုင်ငံတဝန်းမှာ ဆေးရုံတင်ထားရသူပေါင်း ၂၀၀,၀၀၀ လောက် ရှိတယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။ မော်တော်ယာဥ်တွေက ထွက်လာတဲ့ အခိုးအငွေ့တွေ၊ စက်ရုံတွေက ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုတွေနဲ့ မြို့ပြင်မှာရှိတဲ့ စိုက်ခင်းတွေကို မီးရှို့ရာကနေ ထွက်လာတဲ့ မီးခိုးငွေ့တွေကြောင့် ဘန်ကောက်မြို့မှာ လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။  -Ref:BBC