ပြိုလဲသွားတဲ့ Silicon Valley Bank ကို ကန်အစိုးရ ကျားကန်ပေးမည် မဟုတ်

ဘဏ္ဍာရေးအကျပ်အတည်းကြုံတွေ့နေရတဲ့ Silicon Valley Bank ကို ပြည်ထောင်စုအစိုးရအနေနဲ့ ငွေကြေး ကျားကန်ထောက်ပံ့ပေးမှာမဟုတ်ဘူးလို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ပြောပါတယ်။ ဒါပေမယ့်လည်း စုငွေတွေဆုံးရှုံးမလားဆိုပြီး စိတ်ပူနေသူတွေအတွက်တော့ ကူညီဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။

ငွေကြေးစနစ်တည်ငြိမ်ရေး ထိန်းကျောင်းပေးရတဲ့ အေဂျင်စီတခုဖြစ်တဲ့ FDIC က ဒေါ်လာ နှစ်သိန်းခွဲအထိ စုငွေတွေအတွက် အာမခံပေးပါတယ်။ ဒါပေမယ့်လည်း ဒီ ဘဏ်မှာ စာရင်းဖွင့်ထားတဲ့ကုမ္ပဏီတွေနဲ့ ချမ်းသာသူတွေက သူတို့ဘဏ်စာရင်းမှာ ဒီပမာဏထက် ပိုများနေပါတယ်။ အခုဖြစ်စဉ်ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက် ဘဏ္ဍာရေးအကျပ်အတည်းကြုံစဉ်က အခြေအနေမျိုးနဲ့ အတော်ကွာခြားတယ်လို့ ဘဏ္ဍာရေးဝန်ကြီး Yellen က CBS သတင်းဌာနရဲ့ Face the Nation အင်တာဗျူးအစီအစဉ်မှာ ပြောပါတယ်။ ဒါကြောင့်လည်း အဲဒီတုန်းက အမေရိကန်အစိုးရအနေနဲ့ ဘဏ်တွေကို ငွေကြေးကျားကန်ပေးခဲ့သလို လုပ်ဖို့မရှိပေမဲ့လည်း SVB ဘဏ်မှာ စုငွေထားရှိသူတွေရဲ့ စိုးရိမ်မှုတွေကို အလေးထားဆောင်ရွက်ပေးနေတယ်လို့တော့ ပြောပါတယ်။

အမေရိကန်ရဲ့ဘဏ်စနစ်ဟာ ခိုင်ခိုင်မာမာရှိပြီး အတော်လေး စိတ်ချယုံကြည်ရပါတယ်လို့လည်း ပြောပါတယ်။ Silicon  Valley Bank ဟာ အမေရိကန်ပြည်ထောင်စုမှာ ၁၆ ခုမြောက် အကြီးဆုံးဘဏ်ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော် ၂၀၀၈ ခုနှစ် ဘဏ်လုပ်ငန်းတွေ ပြိုလဲပြီး ဘဏ္ဍာငွေကြေးအကျပ်အတည်း ကြုံခဲ့ရချိန်က Washington Mutual ဘဏ်ကြီး အသိမ်းခံရတဲ့ ဖြစ်ရပ်နောက်ပိုင်းမှာ အခုဖြစ်ရပ်က အမေရိကန်သမိုင်းမှာ ဒုတိယမြောက်အကြီးမားဆုံး ဘဏ်ပြိုလဲမှုဖြစ်ပါတယ်။ Silicon Valley ဘဏ်ကြီးမှာ လက်ကျန်ငွေ သိပ်မရှိတော့ဘူး ဆိုတဲ့ စိုးရိမ်ချက်တွေနဲ့ ဘဏ်စာရင်းဖွင့်ထားသူတွေက အခုတပတ်အတွင်းမှာ ငွေတွေ စုပြုံပြန်ထုတ်ခဲ့ကြတာပါ။

-Ref:VOA