ရွေးကောက်ပွဲဆိုင်ရာပြောင်းလဲမှုတွေကို မက္ကဆီကို နိုင်ငံသားများ ဆန္ဒပြ
ရွေးကောက်ပွဲဆိုင်ရာပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီး မက္ကဆီကို မြို့ကြီးတွေမှာ လူထု ချီတက် ဆန္ဒပြပွဲတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ အကြီးမားဆုံး ဆန္ဒပြပွဲကို မြို့တော် မက္ကဆီကိုစီးတီးမှာ မြင်တွေ့ခဲ့ရပြီး လူပေါင်း ငါးသိန်းလောက် စုဝေးခဲ့ကြတယ်လို့ ချီတက်ပွဲ ကျင်းပသူတွေက ပြောကြားခဲ့ပေမယ့် ကိုးသောင်းလောက်ပဲ ရှိတယ်လို့ မြိုတော်အစိုးရ က ပြောပါတယ်။
အမျိုးသားရွေးကောက်ပွဲဆိုင်ရာ အင်စတီကျူဒ် (INE) ရဲ့ ဘတ်ဂျက်ကိုလျော့ချပြီး ဝန်ထမ်းအရေအတွက်ပါ လျော့ချရေး အစီအစဉ်ကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ လွှတ်တော်အမတ်တွေက မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။
သမ္မတ မယ်နျူရယ် လိုပက်စ်အိုဘရာဒါ ကလည်း ရွေးကောက်ပွဲ အာဏာပိုင်အဖွဲ့ကို ပါတီ နိုင်ငံရေးနဲ့ မကင်းရှင်းဘူးလို့ စွပ်စွဲပြောကြားပါတယ်။ အဲတာတွေနဲ့ပတ်သက်ပြီး အခုလို ဆန္ဒထုတ်ဖော်ကန့်ကွက်မှုတွေဖြစ်ပေါ် လာခဲ့တာဖြစ်ပါတယ်။
ဆန့်ကျင်ကန့်ကွက်သူတွေကတော့ လွှတ်တော်ရဲ့ မဲခွဲဆုံးဖြတ်မှုဟာ ဒီမိုကရေစီကို တိုက်ခိုက်တာဖြစ်ကြောင်း ပြောကြားကြပြီး အခြေခံဥပဒေနဲ့ မညီကြောင်း သတ်မှတ်ပေးဖို့ တရားရုံးချုပ်အား တောင်းဆိုနေကြပါတယ်။
“ ကျွန်မတို့က ဒီမိုကရေစီကို ကာကွယ်ဖို့ တိုက်ပွဲဝင်နေကြတာပါ။”လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ ဗရိုနီကာအက်ချီဗာရီယာက ပြောကြားပါတယ်။ သူ့လက်ထဲမှာလည်း “INE ကို မထိနဲ့” ဆိုတဲ့ စာတန်းကို ကိုင်ဆောင်ထားပြီး အလားတူ ကြွေးကြော်သံတွေ ရေးထားတဲ့ စာတန်းတွေကို ဆန္ဒပြသူအများအပြားက ကိုင်ဆောင်ထားခဲ့ပါတယ်။
အဲဒီကိစ္စကို ဆန့်ကျင်ပြီး အခြားမက္ကဆီကို မြို့ကြီးတွေမှာလည်း ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲ အများအပြား ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။
တနင်္ဂနွေနေ့မှာတော့ လူပေါင်းများစွာက မြို့လယ်က သမိုင်းဝင် ဇိုကိုလာ ရင်ပြင်မှာ စုဝေးခဲ့ကြပြီး ဘေးနားက လမ်းသွယ်တွေမှာပါ လူတွေနဲ့ ပြည့်ကျပ်နေခဲ့ကြောင်း သတင်းများအရ သိရပါတယ်။
-Ref:BBC