တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်ကတ် ထုတ်ရမည့်ရက် ကြေညာ

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားတွေကို လာမယ့် ဖေဖော်ဝါရီ ၂၀ ရက်က စတင်ပြီး ထုတ်ယူနိုင်ပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ကြေညာပါတယ်။ တက္ကသိုလ်ဝင် စာမေးပွဲ ကိုတော့ လာမယ့် မတ် ၈ ရက်ကနေ ၁၈ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပသွားမယ်လို့ ထုတ်ပြန် ထားပြီးဖြစ်ပါတယ်။

အဲဒါကြောင့် တိုင်းဒေသကြီး/ပြည်နယ်တွေက စာစစ်ဌာနအသီးသီးမှာ ဖြေဆိုကြမယ့် ကျောင်းသား/ ကျောင်းသူ တွေဟာ မိမိတို့ရဲ့ ဓာတ်ပုံကပ်ထားတဲ့ ခုံအမှတ်စဉ်ပါ စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားတွေကို ဖေဖော်ဝါရီ ၂၀ ရက်က စတင်ပြီး ထုတ်ယူနိုင်ပြီဖြစ်ပါတယ်။

အခြေခံပညာအထက်တန်းကျောင်း၊ အထက်တန်းကျောင်းခွဲနဲ့ တွဲဖက် အခြေခံပညာ အထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းတွေက ကျောင်းသား/ကျောင်းသူတွေဟာ မိမိတို့ရဲ့ စာမေးပွဲဖြေဆိုခွင့် ကတ်ပြား တွေကို မိမိတို့ရဲ့ ကျောင်းအုပ်ကြီးတွေဆီက ထုတ်ယူကြရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြင်ပကဖြေဆိုသူတွေကတော့ စာမေးပွဲဖြေဆိုခွင့် ကတ်ပြားတွေကို မိမိတို့ ဖြေဆိုရမယ့် စာစစ်ဌာနကြီးကြပ် ရေးမှူးတွေဆီက ထုတ်ယူကြရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျောင်းသား/ကျောင်းသူတွေအနေနဲ့ စာမေးပွဲဖြေဆိုခွင့် ကတ်ပြားတွေ ထုတ်ယူရာမှာ အခက်အခဲရှိရင် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတွေ၊ စာစစ်ဌာနကြီးကြပ်ရေးမှူးတွေ၊ မြို့နယ်ပညာရေးမှူးတွေနဲ့ မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနတို့ကို တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲကိုတော့ ကျောင်းသူကျောင်းသား  နှစ်သိန်း ရှစ်သောင်းကျော် ဝင်ရောက် ဖြေဆိုခဲ့ပြီး တစ်သိန်း သုံးသောင်းကျော် အောင်မြင်ခဲ့ကာ တစ်နိုင်ငံလုံးအောင်ချက် ၄၆ ဒသမ ၈၈ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ သိရပါတယ်။