COVID-19 ရိုက်ခတ်မှုကို အလူးအလဲရင်ဆိုင်နေရသည့် တရုတ်ကျေးလက်ဒေသများ

COVID-19 ကူးစက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ကြုံတွေ့နေရသည့် တရုတ်နိုင်ငံအရှေ့ပိုင်းရှိအ ဆင်းရဲဆုံးပြည်နယ် များမှတစ်ခုဖြစ်သောအန်ဟွေးတွင် အချိန်ပိုအလုပ်ဆင်းပြီး COVID-19 ကူးစက်ခံရခြင်းရှိ၊ မရှိ စစ်ဆေးကာ ကုသမှုပေးနေသော ပင်ပန်းနွမ်းနယ်နေသည့် ဆရာဝန်များကို မတွေ့ရတော့ဘဲအရင်းအမြစ်နည်းပါးသော ဆေးခန်းများနှင့် ကူးစက်မှုဒဏ်ကိုဆိုးဆိုးရွားရွား ရင်ဆိုင်နေရသော လူနာများသာ ရှိနေသည်။ တရုတ်သည် ၎င်း၏ကိုဗစ် ကင်းစင်ရေးမူဝါဒကို အဆုံးသတ်ခဲ့သည့် လွန်ခဲ့သောလကတည်းက ဆေးရုံများတွင် ဗိုင်းရပ်စ် ကူးစက်ခံရသော သက်ကြီးရွယ်အိုလူနာများဖြင့် ပြည့်နေသည်။ နိုင်ငံ၏ ဆင်းရဲချမ်းသာကွာဟမှုသည် မြို့ကြီးများနှင့် ကျေးလက်ဒေသများကြား ကျန်းမာရေးစောင့်ရှောက်မှုကွာခြားချက်များကို ပိုမိုမြင့်တက်စေခဲ့ပြီး ဖွံ့ဖြိုးမှုအားနည်း သော ဒေသများတွင် ဆရာဝန်များ၊ ကျန်းမာရေးအသုံးအဆောင်များနှင့် ကျွမ်းကျင်ပညာရှင်များ ရှားပါးမှုနှင့် ကြုံတွေ့နေရသည်။

ဒီဇင်ဘာ ဒုတိယလဝက်တွင် ကိုဗစ်ကူးစက်မှုလှိုင်းနှင့် ကြုံတွေ့ရသောအခါ အန်ဟွေးရှိဆရာဝန်များတွင် ရောဂါ စစ်ဆေးရေး ကိရိယာများနှင့် ကုသမှုများ လျင်မြန်စွာပြတ်တောက်သွားခဲ့သည်။ “ဘယ်သူကမှ ဗိုင်းရပ်စ်စစ်ဆေးပေး တာမျိုးမရှိတဲ့အတွက်ကျွန်တော်တို့ ဗိုင်းရပ်စ်ကူးစက်ခံနေရတာ လား၊မကူးစက်ခံရဘူးလားဆိုတာကိုတောင် မသိနိုင်ပါဘူး”ဟု လူဦးရေ ၃.၃သန်းနေထိုင်သည့် ဘန်ဘူးမြို့ အနီးရှိ ရွာတစ်ရွာတွင်နေထိုင်သူ ရှောင်အမည်ရှိ အမျိုးသားတစ်ဦးက ပြောကြားခဲ့သည်။ “အခြေအနေတွေအားလုံးက ကမောက်ကမ ဖြစ်နေပါတယ်။ အစိုးရက ကျွန်တော်တို့အားလုံးကို lockdown ချလိုက်မှပဲ အားလုံးက ပိုပြီး ကောင်းသွားနိုင်မှာပါ”ဟု ၎င်းကဆိုသည်။ ဆရာဝန်တစ်ဦး၏ ပြောကြားချက်အရ သူသည် ဒီဇင်ဘာလ၌တစ်နေ့လျှင် ၁၄ နာရီအလုပ်လုပ်ရပြီး ၎င်း၏အခန်း နှစ်ခန်းပါ ကျေးလက်ဆေးပေးခန်းတွင် လူနာသည်ပုံမှန်ထက် ၁၀ ဆကျော် ပိုမိုများပြားခဲ့သည်ဟု ဆိုသည်။ အဆောက်အအုံရှိ သေးငယ်သော စောင့်ဆိုင်းနေရာသည်ပြည့်  နှက်သွားသောကြောင့် လူနာများသည် အဆောက် အအုံ ပြင်ပတွင် တန်းစီစောင့်ဆိုင်းခဲ့ရသည်ဟုလည်းဆိုသည်။ အနီးအနားရှိ မြို့တစ်မြို့မှသေးငယ်သော ကျန်းမာရေး စင်တာ၏အကြီးအကဲကမူ ဆေးဝါးထောက်ပံ့မှုများသည် ဆိုးဆိုးရွားရွားပြတ်လပ်မှုများကြောင့် ဆေးညွှန်းများကို ဆိုင်းငံ့ ခဲ့ရသည်ဟုဆိုသည်။ လူနာများဖြင့် ပြည့်ကြပ်နေသည့် ဆေးခန်းများသည် ပြင်းထန်ရောဂါခံစားနေရသည့် သက်ကြီးရွယ်အိုလူနာများကို ပိုမိုကောင်းမွန်စွာ စောင့်ရှောက်မှုရရှိစေရန်အတွက် ပိုမိုကြီးမားသောမြို့များ ရှိဆေးရုံများသို့ ပို့ဆောင်ရန် အမိန့်ထုတ်ထားသည်ဟု ၎င်းကဆိုသည်။ ဖန်းယန်မြို့တွင် အကျပ်အတည်းသည် ပိုမိုဆိုးရွားနေပြီးစောင့်ကြည့်အခန်းတစ်ခုတွင် ဒါဇင်နှင့်ချီသည့်လူနာများကို အေအက်ဖ်ပီသတင်းဌာနက မြင်တွေ့ခဲ့ သည်။ “ဘယ်အရာကိုမှ အခွင့်အရေး မပေးလိုက်ပါနဲ့။ ဗိုင်းရပ်စ်အန္တရာယ်ကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြ ပါ”ဟူ၍ နံရံတစ်ခုပေါ်တွင် စာကပ်ထားသည်။

ကျေးလက်ဒေသရှိ အင်တာဗျူးမေးမြန်းခဲ့သူအများအပြား၏ပြောကြားချက်အရ သက်ကြီးရွယ်အိုများသည် ရောဂါလက္ခဏာခံစားခဲ့ရပြီးနောက် ပုံမှန်ထက် သေဆုံးမှုပိုမိုမြင့်တက်နေသည်ဟု ဆိုကြသည်။ အသက် ၃၀ ဝန်းကျင်အရွယ် ဆွန်း၏ ပြောကြားချက်အရ “ဒီရွာက သက်ကြီးရွယ်အိုအများအပြားဟာ  ရောဂါကို တောင့်မခံနိုင် ကြပါဘူး” ဟု ဆိုသော်လည်း အရေအတွက်အတိအကျကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။ တရုတ်သည် ကိုဗစ်ကြောင့် သေဆုံးသူရေတွက်သည့် စံနှုန်းကို လျှော့ချခဲ့သည့်အတွက် ဒီဇင်ဘာလ အစပိုင်းကတည်းက တရားဝင်ထုတ်ပြန် ထားသည့် သေဆုံးသူအရေအတွက်သည် ဒါဇင်အနည်းငယ်သာ ရှိသည်။ ကျေးလက်ဆရာဝန်တစ်ဦး၏ ပြောကြားချက် အရ ဒီဇင်ဘာလအစပိုင်းကတည်းက သေဆုံးသူ ၅၀ ဝန်းကျင်ရှိသည်ဟု သိထားခဲ့ပြီးသေဆုံးသူ အများအပြားသည် သွေးတိုး၊ ဆီးချို သို့မဟုတ် နှလုံးရောဂါကဲ့သို့ ရောဂါအခံရှိသူများ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ယင်းသည် အစောပိုင်းဆောင်းရာသီကထက် အရေအတွက်ပိုမိုများပြားသည်ဟု ၎င်းကထပ်မံပြောကြားခဲ့သည်။

သို့သော် ရောဂါကူးစက်ခံရသူ အရေအတွက်နှင့် သေဆုံးသူအရေအတွက်နှင့်ပတ်သက်၍ အများပြည်သူဆွေးနွေးမှု များ မှာ တားမြစ်ခံထားရသည်။ တရားဝင် ခွင့်ပြုထားခြင်းမရှိသည့်အတွက် ကျေးလက်ရှိ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအများအပြားနှင့် ဘန်ဘူးရှိပြည်သူ့ကျန်းမာရေးအာဏာပိုင်အများအပြားက အေအက်ဖ်ပီသတင်းဌာန၏ အင်တာဗျူးဖြေရန် တောင်းဆိုချက်ကို ငြင်းဆန်ခဲ့ကြသည်။