တရုတ်နိုင်ငံ၏နေရာဒေသအများအပြားတွင်COVID-19ရောဂါကူးစက်မှုများ၏ အမြင့်ဆုံးကာလကို ကျော်လွန်သွားပြီ ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာ ဖော်ပြ
တရုတ်နိုင်ငံ၏ နေရာဒေသအများအပြားတွင် COVID-19 ရောဂါကူးစက်မှု အမြင့်ဆုံးကာလကို ကျော်လွန်သွားပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၁၀ ရက်တွင် ဖော်ပြခဲ့သည်။ တရုတ်ပြည်တွင်း၌ ရောဂါကူးစက်မှု အတိုင်းအတာနှင့် သက်ရောက်မှုအပေါ် နိုင်ငံတကာက စိုးရိမ်နေစဉ် တရုတ်တာဝန်ရှိသူများက ရောဂါကူးစက် ပြန့်ပွားမှုအခြေအနေ ပြင်းထန်မှုကို လျှော့ချပြောဆိုမှုများ ထပ်မံလုပ်ဆောင်လျက်ရှိသည်။ ကွန်မြူနစ်ပါတီက တရားဝင်ထုတ်ဝေသည့် People’s Daily သတင်းစာ၏ ထုတ်ဝေမှုဖြစ်သော Health Times တွင် ဖော်ပြချက်အရ မြို့တော်ပေကျင်းနှင့် တရုတ်နိုင်ငံ၏ ပြည်နယ်အများအပြားတွင် ကူးစက်မှုများ ကျဆင်းလာပြီဖြစ်ကြောင်း သိရသည်။ သို့သော် ဟဲနန်ပြည်နယ်၏ လူဦးရေသန်း ၉၀ နီးပါးသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။
ပြီးခဲ့သည့်ဒီဇင်ဘာလတွင် တရုတ်အစိုးရက တင်းတင်းကျပ်ကျပ် လော့ဒေါင်းချခြင်းနှင့် လူအမြောက်အမြားကို ဆေးစစ်မှုများ လုပ်ဆောင်လေ့ရှိသည့် ကိုဗစ်ကင်းစင်ရေးမူဝါဒကို ရုတ်ခြည်းဆိုသလို ပယ်ဖျက်ပေးခဲ့သည်။ ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ စတင်ဖြစ်ပွားခဲ့ပြီးနောက် သုံးနှစ်အကြာတွင် ၎င်းတို့တစ်စိုက်မတ်မတ် ကျင့်သုံးခဲ့သည့် ကိုဗစ်ကင်းစင်ရေးမူဝါဒကို အာဏာပိုင်များက ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ မူဝါဒ အပြောင်းအလဲပြုလုပ်ခဲ့ပြီးနောက်တွင် ဗိုင်းရပ်စ်ကူးစက်မှုများသည် အထိန်းအကွပ်မဲ့စွာဖြင့် ပျံ့နှ့ံလာခဲ့သည်။ တရုတ်အာဏာပိုင်များသည် ဇန်နဝါရီ ၈ ရက်ကလည်း နောက်ဆုံးကျန်ရှိနေသည့် ကြီးကြီးမားမား ကန့်သတ်ချက် များကို ရုပ်သိမ်းကာ နယ်စပ်များကို ပြန်ဖွင့်ခဲ့သည်။
၂၀၂၀ ခုနှစ် အစောပိုင်းမှစတင်ကာ မကြာခဏ လော့ဒေါင်းချခြင်း၊ ဆေးစစ်မှုများ မပြတ်လုပ်ဆောင်ခြင်းနှင့် အသွားအလာကန့်သတ်မှု ပုံစံအမျိုးမျိုး ချမှတ်ခြင်းတို့ လုပ်ဆောင်ခဲ့ပြီးနောက် ကမ္ဘာ့ဒုတိယစီးပွားရေး အင်အားအကြီးဆုံး တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ရာစုနှစ်ဝက်တစ်ခု နီးပါးအတွင်း အနှေးကွေးဆုံး အခြေအနေတစ်ရပ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ လတ်တလော ဗိုင်းရပ်စ်ကူးစက်မှုများ သိသိသာသာမြင့်တက် လာပြီးနောက်တွင် တရုတ်အာဏာပိုင်များသည် နေ့အလိုက်ရောဂါကူးစက်မှုစာရင်းကို ထုတ်ပြန်ခြင်းမရှိတော့ဘဲ ဆယ်ဂဏန်းအောက်တွင်ရှိသောနေ့အလိုက် သေဆုံးမှုစာရင်းကိုသာ ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံ၏ ဆေးရုံများနှင့် မီးသင်္ဂြိုဟ်ရုံများတွင် မနိုင်မနင်းဖြစ်နေကာ နိုင်ငံတကာမှ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများကလည်း ယခုနှစ်အတွင်း တရုတ်တွင် COVID-19 ရောဂါနှင့်ဆက်စပ်နေသည့် သေဆုံးသူ တစ်သန်းထက်မနည်းရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ နိုင်ငံတစ်ဝန်းရှိ ဒေသန္တရအစိုးရတာဝန်ရှိသူများနှင့် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ထံမှ အစီရင်ခံစာများကို Health Times က စုစည်းဖော်ပြခဲ့ရာတွင် တရုတ်၏နယ်မြေဒေသအများအပြား၌ ကူးစက်မှု အမြင့်ဆုံးကာလကို ကျော်လွန်သွားပုံရကြောင်း ဖော်ပြထားသည်။