ရက်ပ်အဆိုတော် ကာညေးဝက်စ် ၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်မည်

ရက်ပ်အဆိုတော်ကာညေးဝက်စ်က နောင်လာမည့် ၂၀၂၄ သမ္မတရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့်အကြောင်း အင်တာဗျူးတစ်ခုတွင် အတည်ပြုကြေညာသွားသည်။ Ye ဟု တရားဝင်နာမည်ပြောင်းထားသည့် ကာညေးဝက်စ်က ၎င်း၏ကြေညာမှုတွင် ရွေးကောက်ပွဲကမ်ပိန်း၌ ၎င်းကိုကူညီမည့်သူကိုလည်း မိတ်ဆက်ပေးခဲ့သည်။ ထိုအင်တာဗျူး တွင် ဝက်စ်က Ye 24 ဟုရိုက်နှိပ်ထားသည့် အကျႌကို ဝတ်ထားခဲ့သည်။ တွစ်တာလူမှုမီဒီယာကို အီလွန်မတ်စ်ဝယ်ယူ အုပ်ချုပ်လိုက်ပြီးနောက် မကြာမီကမှ ဝက်စ်၏တွစ်တာအကောင့်ပြန်ရထားပြီး အကောင့်ပြန်ရပြီးနောက် ဝက်စ်၏ အတည်ပြု ချက်ထွက်လာခြင်းဖြစ်သည်။ ဝက်စ်သည် အီလွန်မတ်စ်တွစ်တာကို လွှဲပြောင်းမယူမီက ဂျူးဆန့်ကျင်ရေး မှတ်ချက်များရေးခဲ့မှုကြောင့် တွစ်တာပေါ်လစီကိုချိုးဖောက်သူအဖြစ် အကောင့်ပိတ်ခံလိုက်ရသည်။

နိုဝင်ဘာ ၂၀ ရက် နေ့လယ်ပိုင်းတွင်မူ ၎င်း၏တွစ်တာအကောင့်မှ ပို့စ်တစ်ခုတင်ခဲ့သည်။ ထိုဖြစ်ရပ်မတိုင်မီ  အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့်က  ၂၀၂၄ ရွေးကောက်ပွဲဝင်မည့်အကြောင်း ထုတ်ဖော်ကြေညာထားသည်။ အသက် ၈၀ ပြည့်သွားပြီဖြစ်သည့် လက်ရှိသမ္မတဂျိုးဘိုင်ဒင်ကလည်း ၂၀၂၄ ရွေးကောက်ပွဲပြန်ပြိုင်ရန် အစီအစဉ် ရှိသည် ဟုဆိုပြီး ၎င်း၏ဆုံးဖြတ်ချက်ကို ၂၀၂၃  နှစ်စောပိုင်းတွင် ကြားရဖွယ်ရှိသည်။ ဝက်စ်သည် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ဝင်ပြိုင်လိုက်သေးသည်။ စက်တင်ဘာက ပြုလုပ်သည့် Good Morning America နှင့်အင်တာဗျူးတွင် ဝက်စ်က ရွေးကောက်ပွဲထပ်ပြိုင်မည့်အကြောင်း ကြိုပြောထားပြီး မည်သည့်နှစ်တွင် ဝင်ပြိုင်မည်ကိုမူ ထုတ်မပြောခဲ့ပေ။

ယခုနှစ်သည် ဝက်စ်အတွက် ပြဿနာနှစ်ဟု ဆိုရပေမည်။ ဂျူးဆန့်ကျင်ရေးမှတ်ချက်များပြောဆိုမှု၊  ဇနီးဟောင်း ကာဒါရှီယန် နှင့် တွဲခဲ့သည့် ပိဒေးဗစ်ဆင် (ယခုပြတ်သွား) ကို ရန်လုပ်ပြောဆိုမှု၊ ပဲရစ်ဖက်ရှင်ရှိုးပွဲတစ်ခုတွင် White Lives Matter စာသားပါ အကျႌကို ဝတ်ခဲ့မှုတို့ကြောင့် လူမုန်းများခဲ့သည်။ ဝက်စ်သည် လူမျိုးရေးခွဲခြားသည့် အမုန်းစကားများကြောင့် ၎င်းကိုအကြီးအကျယ်ကြွယ်ဝအောင် ဖန်တီးပေးခဲ့သည့် စီးပွားရေးလုပ်ငန်းကြီးများနှင့် ပို၍အလှမ်းကွာဝေးလာခဲ့ပြီး ထိပ်တန်းလုပ်ငန်းများစွာက ၎င်းနှင့်ပူးပေါင်းဆောင်ရွက်မှုများ ရပ်တန့်လိုက်သည်။