တရုတ်တွင် COVID-19 ရောဂါကူးစက်မှုများ မြင့်တက်လာပြီးနောက် မြို့တော်ပေကျင်းရှိ ခရိုင်အချို့၌ စာသင်ကျောင်း များကို ပိတ်ထားရန် အာဏာပိုင်များ ညွှန်ကြား

 တရုတ်နိုင်ငံတွင် COVID-19 ရောဂါကူးစက်မှုများ မြင့်တက်လာစဉ် ရောဂါကူးစက်မှုအများဆုံး ဒေသအချို့မှ ဒေသခံများအား နေအိမ်၌သာ နေထိုင်ရန် အာဏာပိုင်များက ညွှန်ကြားခဲ့ပြီးနောက် နိုဝင်ဘာ ၂၁ ရက်တွင် မြို့တော် ပေကျင်းရှိ ခရိုင်အချို့၌ စာသင်ကျောင်းများကို ပိတ်ထားပြီး အွန်လိုင်းမှသာ သင်ကြားစေခဲ့သည်ဟု သိရ သည်။ တရုတ်အာဏာပိုင်များသည် နိုင်ငံအလယ်ပိုင်း ဟဲနန်ပြည်နယ် ကျင့်ကျိုးမြို့မှသည် နိုင်ငံအနောက်တောင်ပိုင်း ချုံချင့်မြို့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုများကို ထိန်းချုပ်ရန် ကြိုးပမ်းနေရသည်။ နိုဝင်ဘာ ၂၀ ရက်က တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်သူအသစ် ၂၆၈၂၄ ဦး တွေ့ရှိခဲ့ကာ ဧပြီလထဲတွင် ရောဂါကူးစက်မှု  အမြင့်ဆုံးဖြစ်ခဲ့သည့် အရေအတွက်နှင့်လည်း နီးကပ်လာခဲ့သည်။

ထို့အပြင် မေလနှောင်းပိုင်းနောက်ပိုင်း COVID-19 ရောဂါကြောင့် ပထမဆုံးလူသေဆုံးမှု ဖြစ်ပွားခဲ့ပြီးနောက် မြို့တော် ပေကျင်းတွင်လည်း သေဆုံးသူနှစ်ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။ တရုတ်တွင် လတ်တလောကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုအများဆုံး ဖြစ်ပွားနေသည့် နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့တွင်လည်း လူဦးရေအထူထပ်ဆုံး ပိုင်ယွမ်ခရိုင်ကို ငါးရက်ကြာလော့ဒေါင်းချခဲ့သည်။ ထို့အပြင် ကွမ်ကျိုးမြို့၏ စီးပွားရေးအချက်အချာ နေရာတစ်ခု ဖြစ်သော ထျန်ဟဲခရိုင်တွင်လည်း နိုက်ကလပ်များနှင့် ရုပ်ရှင်ရုံများကို ပိတ်ထားခြင်းနှင့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချမှုများကို ယာယီရပ်ဆိုင်းခဲ့သည်။

တရုတ်၌ COVID-19 ရောဂါအခြေအနေမြင့်တက်လာခြင်း၏ စီးပွားရေးအရ နောက်ဆက်တွဲအကျိုးဆက်များအပေါ် ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်နေခြင်းကြောင့် အာရှစတော့ရှယ်ယာ စျေးကွက်များနှင့် ရေနံစျေးနှုန်းများ ကျဆင်း သွားပြီး ငွေချေးစာချုပ်နှင့် ဒေါ်လာစျေးနှုန်းတို့ မြင့်တက်ခဲ့သည်။ လတ်တလော ကူးစက်မှုလှိုင်းသည် တရုတ် အာဏာပိုင်များ၏ ကိုဗစ်ကင်းစင်ရေးမဟာဗျူဟာအပေါ် ချိန်ညှိဆောင်ရွက်သွားမည်ဟူသော ဆုံးဖြတ်ချက်အတွက် စမ်းသပ်မှုဖြစ်လာခဲ့သည်။ တရုတ်သည် COVID-19 ရောဂါကူးစက်မှုမှန်သမျှကို အမြစ်ဖြတ်ထိန်းချုပ်သည့် ကိုဗစ်ကင်းစင်ရေးမူဝါဒကို ကျင့်သုံးလျက်ရှိခြင်းကြောင့် အမေရိကန်နှင့် အခြားသော အင်အားကြီးနိုင်ငံများကဲ့သို့ ရောဂါကူးစက်မှုများ မြင့်တက်ခဲ့ခြင်း မရှိသော်လည်း မကြာသေးမီက ကူးစက်မှုနှုန်း သိသိသာသာမြင့်တက် လာခြင်းဖြစ်သည်။ ထို့အပြင် လူနေရပ်ကွက်များကို အဝင်အထွက်ပိတ်ပင်ခြင်း၊ စာသင်ကျောင်းများနှင့် စီးပွားရေး လုပ်ငန်းများအား သီတင်းပတ်များနှင့်ချီကာ ပိတ်ပင်မှုများ ချမှတ်ခဲ့ခြင်းကြောင့် သက်ရောက်မှု အများအပြား ဖြစ်ပေါ်စေခဲ့သည်။ မြို့တော်ပေကျင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၉၆၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ယမန်နေ့ကထက် မြင့်တက်လာခဲ့သည်။ ထို့အပြင် လူဦးရေ သုံးသန်းခွဲနေထိုင်သည့် ချောင်ယန်ခရိုင်တွင်လည်း ဒေသခံများကို နေအိမ်၌သာ နေထိုင်ရန်နှင့် စာသင်ကျောင်းများကိုလည်း အွန်လိုင်းမှသာ သင်ကြားပို့ချရန် အာဏာပိုင်များက ညွှန်ကြားထားသည်ဟု သိရသည်။