ရန်ကုန်တွင် စက်သုံးဆီစျေးနှုန်းများ ယမန်နေ့ထက် ပျမ်းမျှ အနိမ့်ဆုံး ကျပ်တစ်ရာကျော်မြင့်တက်လာပြီး ၉၂ တစ်လီတာ ၂၂၄၅ ကျပ်သို့ ရောက်ရှိ
ရန်ကုန်တွင် စက်သုံးဆီစျေးနှုန်းများ ယမန်နေ့ထက် ပျမ်းမျှ အနိမ့်ဆုံး ကျပ်တစ်ရာကျော် မြင့်တက်လာပြီး ၉၂ တစ်လီတာ ၂၂၄၅ ကျပ်သို့ ရောက်ရှိလာကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။
စက်သုံးဆီစျေးနှုန်းမှာ သြဂုတ် ၁၁ ရက်တွင် ၉၂ တစ်လီတာလျှင် ကျပ် ၂၁၄၀၊ ၉၅ တစ်လီတာ ကျပ် ၂၂၁၀၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ကျပ် ၂၄၄၀၊ ပရီမီယံ ဒီဇယ်တစ်လီတာ ၂၅၁၅ ကျပ်ဖြစ်သည်။
သြဂုတ် ၁၂ ရက်တွင် ဖွင့်လှစ်သည့်စျေးနှုန်းများအရ ၉၂ တစ်လီတာလျှင် ကျပ် ၂၂၄၅၊ ၉၅ တစ်လီတာ ကျပ် ၂၃၁၀၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ကျပ် ၂၅၅၀၊ ပရီမီယံ ဒီဇယ်တစ်လီတာ ကျပ် ၂၆၂၅ တို့ဖြစ်သည်။
ယင်းစျေးနှုန်းများအရ ၉၂ တစ်လီတာလျှင် ၁၀၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ကျပ် ၁၀၀၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ကျပ် ၁၁၀၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၁၁၀ အသီးသီးသို့ ထပ်မံမြင့်တက်ခဲ့သည်။
စက်သုံးဆီစျေးနှုန်းများမှာ ဗဟိုဘဏ်က ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်သို့ တိုးမြင့်သတ်မှတ် လိုက်ပြီးနောက်တွင် စျေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။ သြဂုတ် ၅ ရက်တွင် ဗဟိုဘဏ်က ငွေလဲ နှုန်းကို ကျပ် ၂၁၀၀ သို့ တိုးမြင့်လိုက်ရာ လေးလကျော်ကြာ သတ်မှတ်ထားသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းကို ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ စက်သုံးဆီကို သီရိလင်္ကာနိုင်ငံကြားခံ၍ တရုတ်နိုင်ငံမှ တင်သွင်းခြင်းမဟုတ်ဘဲ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ အဓိကတင်သွင်းနေခြင်းဖြစ်သည်။
ပြည်တွင်းသုံးစွဲမှုအတွက် ပြည်ပမှ ရာခိုင်နှုန်း ၉၀ ခန့်တင်သွင်းနေရပြီး ၁၀ ရာခိုင်နှုန်းခန့်သာ ပြည်တွင်းမှ ထုတ်လုပ်နိုင်သည်။