ထိုင်းနိုင်ငံသို့ အမ်အိုယူလုပ်သား ၈၀၀ ကျော် ထပ်မံသွားရောက်

ထိုင်းနိုင်ငံသို့ အမ်အိုယူလုပ်သား ၈၀၀ ကျော် ထပ်မံသွားရောက်ခွင့်ရရှိကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများထံမှ သိရသည်။ ဩဂုတ် ၁ ရက်က မြ၀တီ- မဲဆောက် ချစ်ကြည်ရေး အမှတ်(၂) တံတားမှတစ်ဆင့် ထိုင်းနိုင်ငံသို့ သွားရောက်ခွင့် ရခဲ့ခြင်းဖြစ်ပြီး Myanmar Experience Link Co., Ltd. အေဂျင်စီ၊ New Covenant အေဂျင်စီ၊ ထူးသစ်ဇေအေဂျင်စီ၊ ယွန်းနဒီဦး အေဂျင်စီ၊ Arbourfield Manpower အေဂျင်စီ၊ ထရိန်းဝင်း အေဂျင်စီကုမ္ပဏီများက တာဝန်ယူ ပို့ဆောင်ပေးကြောင်းလည်း သိရသည်။

ထူးသစ်ဇေအေဂျင်စီက တာဝန်ယူစေလွှတ်သည့် လုပ်သား ၁၀၀၊ Myanmar Experience Link အေဂျင်စီမှ လုပ်သား ၆၅ ဦး၊ ယွန်းနဒီအေဂျင်စီမှ လုပ်သား ၂၀၀၊ New Covenant အေဂျင်စီမှ လုပ်သား ၅၈ ဦး၊ Arbourfield Manpower အေဂျင်စီမှ လုပ်သား ၃၁၅ ဦး၊ ထရိန်းဝင်းအေဂျင်စီမှ လုပ်သား ၆၉ ဦး စုစုပေါင်း လုပ်သား ၈၀၇ ဦးဖြစ်ကြောင်း သိရသည်။ ယင်းတွင် ထူးသစ်ဇေအေဂျင်စီမှ တာဝန်ယူစေလွှတ်သည့် လုပ်သား ၁၀၀ မှာ နခွန်းပထုံမြို့ရှိ ကြာဆံစက်ရုံသို့လည်းကောင်း၊ Myanmar Experience Link အေဂျင်စီမှစေလွှတ်ခဲ့သည့် လုပ်သား ၆၅ ဦးသည် ကုမ္ပဏီသို့ ဝန်ဆောင်ခ ပေးစရာမလိုသည့် ဇီးရိုးကော့ဖြင့် ချိုင်ယာဖွန်မြို့ရှိ အထည်ချုပ်စက်ရုံသို့လည်းကောင်း သိရသည်။ လက်ရှိတွင် ထိုင်းနိုင်ငံသို့ မြ၀တီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတားနှင့် ကော့သောင်း-ရနောင်းရေလမ်းကြောင်းတို့မှ သွားရောက်နေကြခြင်းဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

 sdtimedaily