ဗြိတိန်ဝန်ကြီးချုပ်အသစ်အဖြစ် ပထမဆုံးကမ်းလှမ်းသူပေါ်ထွက်
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာပြီးနောက် ကွန်ဆာဗေးတစ်ပါတီအမတ် Tom Tugendhat က ၀န်ကြီးချုပ်ရာထူးအတွက် ကမ်းလှမ်းမှုကို စတင်လိုက်ပြီး၊ မဲဆွယ်စည်းရုံးမှုများကိုပါ စတင်တော့မည်ဖြစ်ကြောင်း သူ၏ပါတီကလည်း ကြေညာလိုက်သည်။ကွန်ဆာဗေးတစ်ပါတီ၏ ခေါင်းဆောင်မှုအတွက် သန့်ရှင်းစွာရပ်တည်လိုကြောင်း သူကဆိုသည်။
“ကျွန်တော်ဟာ စစ်တပ်မှာ အမှုထမ်းခဲ့ပြီးနောက် ပါလီမန်အမတ်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ ခုတော့ဖြင့် ၀န်ကြီးချုပ်နေရာကနေ တာဝန်ထမ်းဆောင်ဖို့ မျှော်လင့်နေမိပါတယ်”ဟု တွမ်က ဇူလိုင် ၇ ရက်ညပိုင်း၌ပြောခဲ့သည်။
မည်သို့ပင်ဖြစ်စေ ဘောရစ်ဂျွန်ဆင်အပေါ်ခင်မင်မှုနှင့် သစ္စာရှိမှုတို့ ပျောက်ဆုံးသွားလိမ့်မည်မဟုတ်ဟုလည်း သူကဆိုသည်။ ဘောရစ်ဂျွန်ဆင်၏နေရာကို ဆက်ခံရန်အဆိုပြုထားသူများစာရင်းကို လာမည့်ရက်သတ္တပတ်တွင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။